အမေရိကန်လျှပ်စစ်ပစ္စည်းတွေကို တူရကီက သပိတ်မှောက်မယ်လို့ သမ္မတ အာဒိုဂန် ပြော

အစ္စတန်ဘူလ်၊ သြဂုတ် ၁၅

အမေရိကန်ရဲ့ အပြစ်ပေးတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လက်တုံ့ပြန်ပြီး တူရကီအနေနဲ့ iPhone တို့လို အမေရိကန်လျှပ်စစ်ပစ္စည်းတွေကို သပိတ်မှောက်သွားမယ်လို့ သမ္မတ တေယစ်အာဒိုဂန်က သြဂုတ် ၁၄ ရက်မှာ ပြောပါတယ်။

တင်းမာမှုတွေကြောင့် ဆိုးဆိုးဝါးဝါး ထိုးကျသွားခဲ့တဲ့ တူရကီ လီရာငွေကြေးဟာ တစ်ချို့အပိုင်းတွေမှာ အနည်းငယ် ပြန်တက်လာချိန် သမ္မတက ပြောလာတာပဲ ဖြစ်ပါတယ်။

နေတိုးမဟာမိတ်ဖြစ်တဲ့ အမေရိကန်နဲ့ တူရကီကြားက အငြင်းပွားမှုဟာ ၎င်းတို့ရဲ့ အနာဂတ်ဆက်ဆံရေးအပေါ် မေးခွန်းတွေ မြင့်တက်စေသလို တူရကီမှာ စီးပွားရေး အကျပ်အတည်းဆိုက်နေတာအတွက်လည်း စိုးရိမ်မှုတွေ ပိုတိုးလာစေပါတယ်။

အမေရိကန် သင်းအုပ်ဆရာတစ်ဦးကို နှစ်နှစ်ကာ ထောင်ချထားတာကနေ လွှဲပြောင်းပေးဖို့ အမေရိကန်ရဲ့ တောင်းဆိုချက်ကို တူရကီက ငြင်းပယ်ရာကနေ တင်းမာမှုတွေ ဖြစ်ထွန်းလာခဲ့တာပဲ ဖြစ်ပါတယ်။

“ကျွန်တော်တို့တွေ အမေရိကန်ရဲ့ လျှပ်စစ်ပစ္စည်းတွေကို သပိတ်မှောက်သွားမှာ ဖြစ်တယ်။”လို့ အငြင်းပွားမှုမှာ အလျှော့အတင်း မလုပ်မယ့် လက္ခဏာပြသတဲ့အနေနဲ့ အာဒိုဂန်က ပြောပါတယ်။

“အမေရိကန်မှာ iPhone ရှိတယ်ဆို အခြားတစ်ဖက်မှာ ဆမ်ဆောင်းရှိနေတယ်။”ဆိုပြီး Apple ရဲ့ အထင်ကရ ဖုန်းနဲ့ တောင်ကိုရီးယား ထိပ်တန်းဖုန်းတွေကို ညွှန်းပြီး ၎င်းက ဆိုပါတယ်။

“ကျွန်တော်တို့ဆီမှာလည်း ကျွန်တော်တို့ရဲ့ Venus နဲ့ Vestel တွေ ရှိနေတာပဲ။”လို့ ပြည်တွင်းထုတ် တူရကီဖုန်းတွေအကြောင်းလည်း အာဒိုဂန်က ပြောခဲ့ပါတယ်။

အာဒိုဂန်ရဲ့ ဒီမှတ်ချက်စကားကြောင့် အစ္စတန်ဘူလ်စတော့ဈေးကွက်မှာ Vestel ရဲ့ ရှယ်ယာတွေက ခုနစ်ရာခိုင်နှုန်း တက်သွားခဲ့ပါတယ်။

-Ref; AFP