အီတလီ မှာ တံတားကျိုးကျမှုအပြီး သေဆုံးသူ ၂၆ ဦးထိ ရှိလာ

အီတလီနိုင်ငံမှာ ဖြစ်ပွားတဲ့ တံတားကျိုးကျမှုကြီးအပြီး အသက်ရှင် ကျန်နေသူတွေကို ကယ်ဆယ်ရေး အဖွဲ့တွေက အချိန်လု ရှာဖွေနေပါတယ်။

ဩဂုတ် ၁၄ ရက်က ဂျီနိုအာမြို့မှာ ဖြစ်ပွားတဲ့ မတော်တဆမှုအတွင်း လက်ရှိ အချိန်ထိ သေဆုံးသူ ၂၆ ဦးထိ ရှိလာပြီး ၁၅ ဦးက အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

မြစ်တစ်ခုနဲ့ ကားလမ်းတွေပေါ် ဖြတ်သန်း ဖောက်လုပ်ထားတဲ့ တံတားကြီး ကျိုးကျချိန်မှာ မော်တော်ကား တော်တော်များများကလည်း ၄၅ မီတာလောက် အမြင့်ကနေ ပြုတ်ကျခဲ့ပါတယ်။

ကနဦး စုံစမ်းမှုတွေအရ ပျောက်ဆုံးနေသူ အနည်းဆုံး ၁၂ ဦးရှိပြီး တချို့တဝက်ကို အသက်ရှင်လျက် ပြန်တွေ့နိုင်ဦးမယ်လို့ ကယ်ဆယ်ရေးတွေက မျှော်လင့်နေပါတယ်။

မီးသတ်နဲ့ ကယ်ဆယ်ရေးဝန်ထမ်း ၃၀၀ လောက်က လေ့ကျင့်ပေးထားတဲ့ အနံ့ခံ ခွေးတွေကို အသုံးပြုပြီး အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကို လိုက်လံ ရှာဖွေနေပါတယ်။

ဒါ့အပြင် စက်ယန္တရားကြီးတွေ အသုံးပြုပြီး တံတား အပျက်အစီးတွေကို ရှင်းလင်း ဖယ်ရှားနိုင်ဖို့လည်း ကြိုးစားနေကြပါတယ်။ တံတားနဲ့ အနီးတဝိုက်မှာ နေထိုင်သူတွေကိုတော့ အရေးပေါ် ရွှေ့ပြောင်းစေခဲ့ရပါတယ်။

တံတားကျိုးကျတဲ့ အချိန်က အဲဒီဧရိယာမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းနေခဲ့တယ်လို့ ဆိုပါတယ်။ တံတား ကျိုးကျရတဲ့ အကြောင်းရင်းကိုတော့ လတ်တလောမှာ စုံစမ်းနေဆဲပါ။ ဒါပေမဲ့ အဆောက်အအုံရဲ့ လုံခြုံစိတ်ချရမှုအပေါ် စိုးရိမ်တကြီး မေးခွန်းထုတ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

အခင်းဖြစ်ပွားရာ မိုရန်ဒီ တံတားကို ၁၉၆၀ ပြည့်လွန်နှစ်တွေက စတင်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ တံတားဟာ ဒေသတွင်း ဆိပ်ကမ်းတွေအတွက် ကုန်စည်ကူးသန်း ပို့ဆောင်ဖို့ အတွက်ရော၊ ပြင်သစ် ကမ်းခြေနဲ့ ဆက်သွယ်တဲ့ အဝေးပြေးလမ်းပိုင်း အတွက်ပါ အရေးအပါဆုံး လမ်းကြောတစ်ခုအဖြစ် တည်ရှိနေတယ်လို့ သိရပါတယ်။

-Ref; EPA