ငြိမ်းချမ်းရေး ကော်မရှင်နဲ့ တိုင်းရင်းသားသုံးဖွဲ့ ဆွေးနွေးပွဲ ရွှေ့ဆိုင်း

မြန်မာတနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ်မှာ လက်မှတ် မထိုးရသေးတဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ TNLA၊ ရက္ခိုင့်တပ်မတော် AA နဲ့ ကိုးကန့် တပ်ဖွဲ့ဖြစ်တဲ့ မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ MNDAA တို့ဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ သြဂုတ်လ ၁၁ ရက်နေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားပေမယ့် ကော်မရှင်ဘက်က ရွှေ့ဆိုင်း ခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးသံတမန် ဆွန်ကော်ရှန်းရဲ့ ကြားဝင် စေ့စပ်ပေးမှုနဲ့ အခုလို တွေ့ဆုံဖို့ စီစဉ်ထားပေမယ့် သြဂုတ်လ ၈ ရက်နေ့မှာ ဒီတွေ့ဆုံပွဲကို ကော်မရှင်ဘက်က ရွှေ့ဆိုင်းေ ကြာင်း အဲဒီ အထူး သံတမန်ကတဆင့် အကြောင်းကြားလာတယ်လို့ TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ဘီဘီစီကို ပြောပါတယ်။ အခုလို ရွှေ့ဆိုင်းရာမှာ ဘယ်လို အကြောင်းကြောင့် ဆိုတာကိုတော့ ကော်မရှင်ဘက်က မဖော်ပြခဲ့ဘူးလို့ ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့က ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာတွေ့ဆုံဆွေးနွေးမှု အဆင်မပြေဖြစ်ခဲ့တာဟာ အခုလို ဖျက်သိမ်းရတဲ့ အကြောင်းရင်း တခု ဖြစ်နိုင်ပြီး ကော်မရှင်ဘက်က အဆင်သင့် မဖြစ်သေးဘူးလို့ ယူဆရကြောင်း သူက ဆက်ပြောပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေး ကျင်းပနေတဲ့ ကာလဖြစ်တဲ့ ဇူလိုင်လ ၁၁ ရက်နေ့က TNLA အဖွဲ့ရဲ့ စစ်သမီး ဆေးမှူး ၆ ဦး သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ လတ်တလော ဆက်ဆံရေး တင်းမာေ နတာလည်း ဖြစ်ပါတယ်။

အခုလို တရားဝင် ဆွေးနွေးမှု ဖြစ်မလာဘူး ဆိုရင် နှစ်ဖက် ပဋိပက္ခတွေ ပိုပြီး တင်းမာလာနိုင်တယ်လို့လည်း ဗိုလ်မှူးချုပ် တာဘုန်းကျော်က သုံးသပ်ထားပါတယ်။ TNLA၊ AA နဲ့ MNDAA တို့ဟာ တရုတ်ရဲ့ ကြားဝင် စေ့စပ် ပေးမှုနဲ့ပဲ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေး အဖွင့်ကာလမှာ သုံးဖွဲ့ တစုအနေနဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တွေ့ဆုံခဲ့ပြီး တပ်မတော် ဘက်က တဖွဲ့ချင်း အလိုက် အပစ်ရပ်စာချုပ် ချုပ်ဖို့ ပြောဆိုခဲ့တယ်လို့ TNLAနဲ့ AA တို့က သတင်းသမားတွေကို ပြောဆိုထားပါတယ်။

TNLA၊ AA နဲ့ MNDAA တို့ဟာ ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ဦးဆောင်တဲ့ ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ KIA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နဲ့ အမျိုးသား ဒီမိုကရက်တစ် မိုင်းလားအဖွဲ့ NDAA တို့ ပါဝင်တဲ့ အဖွဲ့ ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေး ညှိနှိုင်းမှု ကော်မတီ FPNCC အဖွဲ့ဝင်တွေလည်း ဖြစ်ပါတယ်။

BBC Burmese