ကနေဒါနဲ့ သံတမန်တင်းမာမှုမှာ ဖျန်ဖြေမှုမှန်သမျှ ဆော်ဒီအာရေဗျ ပယ်ချ
ရီယတ်၊ သြဂုတ် ၉
ကနေဒါနဲ့ သံတမန်တင်းမာမှုမှာ ဘယ်လို ဖျန်ဖြေမှုမျိုး မှန်သမျှကို ဆော်ဒီအာရေဗျနိုင်ငံက ပယ်ချလိုက်ပါတယ်။
ဒါအပြင်လည်း ကနေဒါကို နောက်ထပ် ပြစ်ဒဏ်ခတ်တဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ဖို့ကိုလည်း ဘုရင့်နိုင်ငံ ဆော်ဒီအာရေဗျအနေနဲ့ စဉ်းစားနေကြောင်းလည်း သြဂုတ် ၈ ရက်က နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။
“ဒီမှာ ဘာမှ ကြားဝင်ဖျန်ဖြေမှုမှ လက်မခံဘူး။ ကနေဒါဟာ အမှားကြီး ပြုလုပ်ခဲ့တယ်။ အမှားတစ်ခုဟာ ပြင်ဆင်သင့်တယ်။”လို့ နိုင်ငံခြားရေးဝန်ကြီး အဒဲလ်အယ်ဂျူဘီးယားက သတင်းထောက်တွေကို ပြောပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံမှာ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ဖြိုခွင်းမှုသစ်တွေ လုပ်ဆောင်တာကို ကနေဒါက ရှုတ်ချလိုက်တာကစပြီး သံတမန် တင်းမာမှု ဖြစ်လာခဲ့ပါတယ်။
ဆော်ဒီအာရေဗျဟာ ကနေဒါ သံအမတ်ကြီးကို နှင်ထုတ်ခဲ့ပြီး ၎င်းရဲ့ သံတမန်တွေကိုလည်း ပြန်ခေါ်ခဲ့တဲ့အပြင် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုအသစ်တွေ အားလုံးကို ရပ်ဆိုင်းပစ်ခဲ့ပါတယ်။
ကနေဒါအပေါ် ထပ်တိုးအရေးယူမှုတွေ လုပ်ဆောင်သွားဖို့ စဉ်းစားနေကြောင်း အဒဲလ်က အသေးစိတ် မဖော်ပြဘဲ ပြောဆိုခဲ့ပါတယ်။
ကနေဒါနိုင်ငံမှာ ပညာသင်ကြားနေတဲ့ ဆော်ဒီကျောင်းသူကျောင်းသား ထောင်ပေါင်းများစွာကို အခြားနိုင်ငံတွေမှာ သင်ကြားဖို့ စေလွှတ်မှာ ဖြစ်တယ်လို့လည်း ဆော်ဒီက ကြေညာထားပြီး တိုရွန်တိုကို ပြေးဆွဲနေတဲ့ နိုင်ငံပိုင် လေကြောင်းလိုင်းကိုလည်း ရပ်ဆိုင်းကြောင်း ကြေညာထားပါတယ်။
-Ref; AFP