ခံစစ်မှူးသစ်ကို မန်ယူခေါ်ခဲ့ပေမယ့် မော်ရင်ဟို လိုချင်သူတော့မဟုတ်ဘူး
မန်ယူအသင်းနည်းပြ မော်ရင်ဟိုဟာ အသင်းရဲ့အပြောင်းအရွှေ့လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ဒီတစ်ပတ်အတွင်းမှာ ဆက်တိုက်ဆိုသလို ဝေန်ခဲ့တာပါ။ သူဟာ ဒီနွေရာသီအတွင်းမှာ အသင်းရဲ့ခံစစ်ပိုင်းကို အဓိက ပြင်ဆင်ချင် နေတာလည်း ဖြစ်ပါတယ်။ မနေ့ညကတော့ မန်ယူအသင်းဟာ ခံစစ်မှူးသစ်တစ်ဦးကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဒါပေမဲ့ မော်ရင်ဟိုအတွက်တော့ မဟုတ်ပါဘူး။ အသက် ၁၆ နှစ်သာရှိသေးတဲ့ ပိုလန်လူငယ် ဘက်ဂျာကို ပိုလန်ထိပ်သီးကလပ် လက်ခ်ျပိုဇနန်ကနေ မန်ယူအကယ်ဒမီအသင်းအတွက် ခေါ်ယူနိုင်ခဲ့တာပါ။ အရပ် ၆ ပေ၊ ၂ လက်မမြင့်တဲ့ ဘက်ဂျာကို မန်ယူအသင်းအပြင် မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကလည်း ခေါ်ယူဖို့ ပစ်မှတ်ထား နေခဲ့ပေမယ့် ပိုလန်ကင်းထောက် ဆာဒေါစကီးရဲ့ အကူအညီနဲ့အတူ အိုးလ်ထရက်ဖို့ဒ်ကို ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘက်ဂျာဟာ ပိုလန်လူငယ်အသင်းမှာ ကပ္ပတိန်တစ်ဦးအဖြစ် ပါဝင်ကစားခွင့်ရခဲ့ပြီး သူဟာ ဗဟိုခံစစ်မှူးဖြစ်ပေမယ့် ညာနောက်ခံလူနေရာနဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာလည်း ကစားနိုင်စွမ်း ရှိပါတယ်။ ဘက်ဂျာဟာ မန်ယူအသင်းမှာ ခြေစွမ်းစမ်းသပ်မှု ခံယူပြီးနောက် အောင်မြင်မှု ရရှိခဲ့တာဖြစ်ပြီး မန်ယူလူငယ် အကယ်ဒမီနည်းပြ နစ်ကီဘတ်ရဲ့ လက်အောက်ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ ဘက်ဂျာဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ကတည်းက မန်ယူအကယ်ဒမီကို ရောက်ဖို့ သဘောတူညီခဲ့တာဖြစ်ပေမယ့် စည်းမျဉ်းတွေနဲ့ ကိုက်ညီအောင် စောင့်ဆိုင်းနေခဲ့ရတာ ဖြစ်ပြီး မန်ယူအကယ်ဒမီရဲ့ ဒီနှစ်အတွက် စာသင်နှစ်ကိုလည်း လွဲချော်ခဲ့ပါတယ်။ နည်းပြနစ်ကီဘတ်ဟာ မန်ယူအသင်းအကယ်ဒမီကို အပြောင်းအလဲတချို့ လုပ်ဆောင်နိုင်ခဲ့ပြီး ရာသီကြိုခြေစမ်းပွဲတွေမှာ အသင်းကြီးအတွက် ပါဝင်ကစားခဲ့တဲ့ တာဟစ်ချောင်တို့လို ခြေစွမ်းခြေစရှိတဲ့ လူငယ်လေးတွေဟာ သူ့ရဲ့လက်ထက်မှာ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။
-Ref; Sky sports