JMC တွင်အသုံးပြုရန် ကျပ်သိန်းငါးထောင်ကျော် တန်ဖိုးရှိ ယာဉ် ၁၀ စီးကို တရုတ်လှူဒါန်း
တရုတ်အစိုးရက တပ်မတော်နှင့် တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုး တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ၊ ပဋိပက္ခများ ဖြစ်ပွားပါက ညှိနှိုင်းဖြေရှန်းရန်ဖွဲ့ စည်းထားသည့် ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) များတွင် အသုံးပြုရန် ယာဉ် ၁၀ စီး လှူဒါန်းခဲ့သည်။ အဆိုပါ လှူဒါန်းပွဲကို ဇူလိုင် ၅ ရက်က ရန်ကုန်မြို့ရှိအမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ပြုလုပ်ရာ ပြည်ထောင်စုအဆင့် JMC ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီးမစ္စတာ ဟုန်လျန်နှင့် သံရုံးတာဝန်ရှိသူများ၊ JMC ကော်မီဝင်များတက်ရောက် သည်။
‘‘ကျွန်တော်တို့ JMC အနေ နဲ့စိစစ်အတည်ပြုရေးလုပ်ငန်း တွေစသဖြင့် JMC ရဲ့နေ့စဉ်လုပ်ရ တဲ့လုပ်ငန်းတွေမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံက လှူဒါန်းတဲ့မော်တော်ယာဉ်တွေက လွန်စွာ အထောက်အကူပြုတယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်’’ ဟု JMC-U ဥက္ကဋ္ဌဒုဗိုလ်ချုပ်ကြီး ရာပြည့်က ဆိုသည်။ လက်ရှိမြန်မာနိုင်ငံ၏ လိုအပ်ချက် အရ JMC-U ထံလုပ် ငန်းသုံးယာဉ်များ လှူဒါန်းပေး အပ်ရခြင်းဖြစ်ကာ JMC ၀န်ထမ်းများ သက်ဆိုင်ရာဒေသများ သို့ လျင်မြန်စွာသွားရောက်ပြီး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရန် ဖြစ်ကြောင်း တရုတ်သံ အမတ်ကြီးကပြောသည်။
‘‘ယခုအကြိမ် လှူဒါန်းတဲ့ မော်တော်ယာဉ်တွေက JMC ရဲ့ စွမ်းဆောင်ရည် တိုးမြှင့်ရေးအတွက် ဆောင်ရွက် ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်’’ ဟု မစ္စတာ ဟုန်လျန်က ပြောသည်။ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးကJMC သို့လှူဒါန်း ပေးအပ်သည့် ယာဉ်များသည် ဆွီဒင်အမှတ်တံဆိပ်ဖြစ်သော Volvo XC60 အမျိုးအစားဖြစ်ရာ ကာလ ပေါက်ဈေး တစ်စီး ကန်ဒေါ်လာ လေးသောင်းခန့် (ကျပ်သိန်းငါးရာကျော်) ရှိသည်။ တရုတ်နိုင်ငံအနေဖြင့်ယမန် နှစ်ကလည်း JMC အတွက်ဒေါ် လာငါးသိန်း လှူဒါန်းထားကာ ဆက်လက်လှူဒါန်းရန် ကတိပြုထားကြောင်း ပြည်ထောင်စု အဆင့် JMC ဥက္ကဋ္ဌက အခမ်းအနားမိန့်ခွန်းတွင်ပြောသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ငွေအား၊ လူအားဖြင့်အစဉ်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် နိုင်ငံချင်းထိစပ်နေသည့် ဒေသများရှိ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများ NCA ၌ ပါဝင်လာနိုင်ရန်လည်း ငြိမ်းချမ်း ရေးညှိနှိုင်းဆောင်ရွက်မှုများ ပြု လုပ်ပေးနေကြောင်း ပြည်ထောင်စုအဆင့် JMC တာဝန်ရှိ သူများက အခမ်းအနား တွင်ပြောသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့တို့ ၂၀၁၅ တွင် NCA လက်မှတ်ထိုးပြီးနောက် JMC ကို ပြည်ထောင်စုအဆင့် အဖြစ်အစိုးရနှင့် တပ်မတော် ကိုယ်စားလှယ် ၁၀ ဦး၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ် ၁၀ ဦး၊ အရပ်သား ကိုယ်စားလှယ်ခြောက်ဦးတို့ဖြင့် ဖွဲ့စည်းခဲ့သည်။ ထို့နောက် JMC ကို ပြည်နယ် အဆင့်၊ ဒေသအဆင့်များဖွဲ့စည်းခဲ့သည်။ လက်ရှိ JMC ကော်မတီ သက်တမ်း ၂ နှစ်ခွဲကျော်ရှိပြီဖြစ်သည်။