လေးကြိမ်ရွှေ့ဆိုင်းခဲ့ရသည့် ၂၁ ရာစု ပင်လုံကို ဇူလိုင် ၁၁ ရက်ကစ၍ ငါးရက်ကျင်းပရန် လျာထား

အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ဆွေးနွေးညှိနှိုင်းမှုများ မပြေလည် ၍ လေးကြိမ်ရွှေ့ဆိုင်းခဲ့ရသည့် ၂၁ ရာစု ပင်လုံတတိယအစည်း အဝေးကို ဇူလိုင် ၁၁ ရက်ကစ၍ ငါးရက်ကြာ ကျင်းပရန် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးတွင် လျာထားသတ်မှတ်ခဲ့သည်။

အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ နိုင်ငံရေးပါတီ အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အစုအဖွဲ့ ကိုယ်စားလှယ်များပါဝင်သည့် UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကို ဇွန်လ ၂၅ ရက်က နေပြည်တော်၌ ကျင်းပပြီး ညီလာခံ ကျင်းပမည့်ရက်ကို လျာထား သတ်မှတ်ခြင်းဖြစ်သည်။

‘‘ဒီအတွင်းရေးမှူးအဖွဲ့ အစည်းအဝေးဆိုတာ ဆုံးဖြတ်ချက်ချတဲ့ အစည်းအဝေးတော့ မဟုတ်ပါဘူး။ သဘောထား တွေ ညှိနှိုင်းပြီးတော့မှ အတွင်းရေးမှူးအဖွဲ့က UPDJC ကို တင်ပြ၊ UPDJC မှာ အဓိကဆုံးဖြတ် အတည်ပြုပြီး ဆောင်ရွက်တာပါ’’ဟု တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ကိုယ် စားလှယ် ခွန်မြင့်ထွန်းက ပြော ကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် UPDJC အစည်းအဝေးကို ဇူလိုင် ၂၉ ရက်တွင် နေပြည်တော်၌ ပြု လုပ်မည်ဖြစ်သည်။ ယင်း အစည်းအဝေးမတိုင်မီ ၂၁ ရာစု ပင်လုံတတိယအစည်းအဝေး၌ ဆွေးနွေးမည့် နိုင်ငံရေး၊ လူမှုရေး၊ လုံခြုံရေး၊ စီးပွားရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများ၏ လုပ်ငန်း ကော်မတီ အစည်းအဝေးများကို ဇွန်လ ၂၆ မှ ၂၈ ရက်အထိ ကျင်းပ မည်ဟု UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ အတွင်းရေးမှူး တာလှ ဖေက ပြောသည်။

အဆိုပါ လုပ်ငန်းကော်မတီ များ၏ ဒုတိယအကြိမ် အစည်းအဝေးကို ၂၁ ရာစု ပင်လုံမကျင်းပမီ ဇူလိုင် ၄ ရက်မှ ၆ ရက်အထိ ထပ်မံပြုလုပ်မည်ဟု ၎င်းကဆိုသည်။ ထို့နောက် UPDJC အစည်းအဝေးကို ဇူလိုင် ၈ ရက်နှင့် ၉ ရက် တွင် ထပ်မံကျင်းပမည်ဟု တာလှဖေကပြောသည်။ ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးကျင်းပ စဉ်ကာလ တွင်လည်း UPDJC အစည်းအဝေးများကို လိုအပ်သလို ခေါ်ယူရန် ဆွေးနွေးထားသည်ဟု တာလှဖေကပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံတတိယအစည်းအဝေးသို့ တက်ရောက်မည့် ညီလာခံ ကိုယ်စားလှယ်ကို ယခင်ညီလာခံများအတိုင်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားကိုယ်စားလှယ်၊ ပါဝင်သင့်ပါဝင်ထိုက်သူ များ ပါဝင်သည့်အစုအဖွဲ့ ခုနစ်ဖွဲ့မှ လူဦးရေ ၇၀၀ တက်ရောက် မည်ဖြစ်သည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)အရပထမ အကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ယခင်အစိုးရလက်ထက်က ၂၀၁၆ ဇန်နဝါရီတွင် ကျင်းပခဲ့သည်။ လက်ရှိ အစိုးရလက်ထက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံအစည်းအဝေးဟူ၍ သတ်မှတ်ကာ ၂၀၁၆ ဩဂုတ်လကုန် တွင် တစ်ကြိမ်၊ ၂၀၁၇ မေလတွင် တစ်ကြိမ် ကျင်းပခဲ့သည်။

၂၀၁၇ မေလက ကျင်းပသည့် ၂၁ ရာစု ပင်လုံဒုတိယအစည်းအဝေးတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာ ဝပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍများမှ သဘောတူညီချက် ၃၇ ချက် ရရှိသည်။ ၂၁ ရာစု ပင်လုံဒုတိယအ စည်းအဝေးအပြီး တတိယအစည်းအဝေးကို ခြောက်လအကြာ ၂၀၁၇ ဒီဇင်ဘာတွင် ကျင်းပရန် သတ်မှတ်ခဲ့ သော်လည်း မကျင်းပနိုင်၍ ၂၀၁၈ ဇန်နဝါရီသို့ ရွှေ့ ဆိုင်းခဲ့သည်။ ထို့နောက် ဇန်နဝါရီ မှ ဧပြီလကုန် (သို့မဟုတ်) မေလ ဆန်းသို့လည်းကောင်း၊ မေလကုန်သို့လည်းကောင်း ထပ်မံရွှေ့ ဆိုင်းခဲ့သည်။ မေလကုန်က ကျင်းပသည့် အစိုးရနှင့် အပစ်ရပ်အဖွဲ့များ၏ နိုင်ငံရေးကဏ္ဍ အလွတ်သဘောဆွေးနွေးပွဲတွင် ဇွန်လ ၃၀ ရက်မှ ဇူလိုင် ၄ ရက် အထိ ငါးရက်ကြာ ကျင်းပရန် ညှိနှိုင်းခဲ့သော်လည်း တိုင်းရင်းသားအဖွဲ့များဘက်က အဆင်သင့် မဖြစ်၍ ဇူလိုင်ဒုတိယပတ်သို့ ရွှေ့ဆိုင်းခြင်း ဖြစ်သည်။