အိန္ဒိယတွင် ကြွက်ကိုက်သဖြင့် ATMစက်ထဲမှ ငွေစက္ကူများ ပျက်စီး

အိန္ဒိယတွင် ATM ငွေထုတ်စက် တစ်ခုအတွင်းရှိ ငွေစက္ကူများကို ကြွက်များက ကိုက်ဝါး ဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။

အက်ဆမ် ဒေသရှိ ATMစက် တစ်လုံးထဲသို့ ငွေဖြည့်သွင်းရန် ဘဏ်တာဝန်ရှိသူများ ရောက်လာချိန်၌ မှုန့်မှုန့်ညက်ညက်နီးပါး ကျေမွ ပျက်စီးနေသည့် ငွေစက္ကူများကို အသည်းနာစရာ တွေ့မြင်ခဲ့ရသည်။ 

ကြွက်များ၏ သွားဒဏ်ကြောင့် ပျက်စီးခဲ့သည့် ငွေစက္ကူ တန်ဖိုးသည် ရူပီးငွေ ၁.၂ သန်း၊ အမေရိကန် ဒေါ်လာအားဖြင့် တန်ဖိုး ၁၇၆၀၀ မျှ ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။ 

ရဲများက ဖြစ်စဉ်ကို စုံစမ်းခဲ့ရာ ဝါယာ သွယ်တန်းထားသည့် အပေါက်တစ်ခုမှတဆင့် ကြွက်များက ATMစက်ထဲ ဝင်ရောက်သွားခြင်းဟု ယုံကြည်ရကြောင်း မှတ်ချက်ပေးခဲ့သည်။

အိန္ဒိယ အစိုးရဘဏ်၏ တင်ဆူကီရာရပ်ကွက် ဘဏ်ခွဲမှ ATMစက်ထဲတွင် တွေ့ရသော ငွေစက္ကူ အပျက်အစီးများ၏ ဓာတ်ပုံသည် Twitterပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ 

အဆိုပါ စက်ကို အသုံးမပြုဘဲ ရပ်ဆိုင်းထားစေသည်မှာ ၁၂ ရက်မျှ ကြာမြင့်ခဲ့သည့် အတွက်ကြောင့်လည်း အတွင်းတွင် ကြွက်များ ဖျက်ဆီးထားသည်ကို စောစောစီးစီး မသိခဲ့ခြင်းဟု ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

Ref: Hindustan Times