မျိုးဆက်သစ်များက ပို၍ အရည်အချင်းရှိရန်လိုသည်မှ ကောက်နှုတ်ဖော်ပြ
ယနေ့လူငယ် နောင်ဝယ်လူကြီးဟု ဆိုရိုးရှိရာ လူငယ်များသည် ပညာကို တန်ဖိုးထား လေးစားရိုးသားစွာ သင်ယူသင့်သည်။ ဆရာများအပေါ် ယုံကြည်မှု အပြည့်ရှိသင့်သည်။ မိမိကိုယ်ကို ကျန်းမာကြံ့ခိုင်သန်စွမ်းသော လူငယ်တစ် ယောက်ဖြစ်ရန်လည်း လေ့ကျင့်ထားသင့်သည်။ ဖြောင့်မတ်မှန်ကန်သော စိတ်ဓာတ်လည်း ရှိသင့်သည်၊ တတ်ယောင်ကား မလုပ်သင့်၊ အပျင်းမထူသင့်၊ လေးလေးတွဲ့တွဲ့ မနေသင့်ဘဲ သွက်လက်ထက်မြက်သော လူငယ်များ ဖြစ်ရမည်။
”အချုပ်ထောင်တံခါးများ ပိတ်ထားရန် စာသင်ကျောင်းတံခါးများ ဖွင့်ထားဖို့လိုမည်”ဟု ရှေးပညာရှိအသီးသီးတို့ ပြောဆိုဆုံးမလေ့ရှိသည်။ ပညာရေး အမြင်များက ခါးသီးနိုင်သော်လည်း ပညာရေးအသီးအပွင့်များက ချိုမြလှပသည်”ဟု ဂရိတွေးခေါ်ရှင်တစ်ဦးက ဆိုခဲ့သည်။
တရုတ်ရှေးဟောင်းတွေးခေါ်ရှင်ကြီးတစ်ဦးကလည်း ”ပညာရှိသူတွေက မေးခွန်းတစ်ခုအပေါ်မှာ ဘက်ပေါင်းစုံက ရှုမြင်သုံးသပ်ပေမယ့် သိမ်ဖျင်းသူတွေ ကတော့ ဘက်တစ်ဖက်တည်းကသာ ကြည့်တတ်ကြောင်း” ထောက်ပြဖူး သည်။ မြန်မာအဘိဓာန်က ‘ပညာ’ဆိုသောဝေါဟာရကို ပညာ၊ ပျင်ညာ၊ ”ခွဲခြမ်းဝေဖန်နိုင်စွမ်းအသိဥာဏ်”၊ အတတ်ဟု ဖွင့်ဆိုသည်။
မျိုးဆက်တစ်ခုနှင့်တစ်ခုတွင် မျိုးဆက်သစ်များက ပို၍အရည်အချင်း၊ အရည်အသွေးရှိကြမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း ထင်ရှား ပါသည်။ သားသည် အဖေထက်ပိုတော်သင့်သည်။ တပည့်သည်ဆရာထက် ပိုတော် သွားရမည်။
ယနေ့မျိုးဆက်သစ်လူငယ်များသည် ယနေ့ပစ္စုပ္ပန်နှင့် နောင်အနာဂတ် အတွက်ပါ ရည်ရွယ်၍ ထာဝစဉ်သင်ယူ၊ အဆက်မပြတ် သင်ယူခြင်းဖြင့် ပို၍ အရည်အသွေး၊ အရည်အချင်းပြည့်ဝသော လူငယ်များဖြစ်အောင် ကြိုးစားကြ ရမည်ဖြစ်သည်။ သို့မှသာ လူငယ်များ၏အားဖြင့် ပို၍ကောင်းသော၊ ပို၍ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။
အယ်ဒီတာ့အာဘော်