မြန်အောင်ပြည်ခိုင်ဖြိုးပါတီလူငယ်ညီလာခံ (၂ဝ၁၈) အတွေ့အကြုံရှင်းလင်းပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လူငယ်ညီလာခံ(၂ဝ၁၈) အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပထမဦးစွာ အခမ်းအနားကို နိုင်ငံတော်အလံအားအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းအား သံပြိုင်သီဆို၍ဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးနေဝင်းဇော်က အမှာစကားပြောကြားရာတွင် လူငယ်များအား လူငယ်ခေါင်းဆောင်မှုအခန်းကဏ္ဍနှင့် ပတ်သက်၍ ထည့်သွင်းရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်လူငယ်တာဝန်ခံ မြို့နယ်ပါတီ ကော်မတီဝင်ဦးအောင်မျိုးဦးနှင့် မြို့နယ်ဘဏ္ဍာရေးမှူး ဒေါ်ယဉ်မြတ်သူတို့က ရှင်းလင်းပြောကြား ခဲ့ကြသည်။
ဆက်လက်ပြီး ၂ဝ၁၈ခုနှစ် နေပြည်တော်ရှိ ပါတီဗဟိုဌာနချုပ်၌ကျင်းပခဲ့သော လူငယ်ညီလာခံတွင် တက်ရောက်ခဲ့ကြသည့် မြို့နယ်လူငယ်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းသူနှင့် ဒေါ်နှင်းအိဝေတို့က ဗဟို လူငယ်ညီလာခံတက်ရောက်ခဲ့ရသော အတွေ့အကြုံများအား ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော လူငယ်များက ၂ဝ၂ဝ ပါတီ အောင်နိုင်ရေးတွင် လူငယ်များ ဦးဆောင်မှု အခန်းကဏ္ဍခေါင်းစဉ်ဖြင့် အုပ်စုဖွဲ့၍စာတမ်းများပြုစုခြင်းနှင့် အုပ်စုဖွဲ့ဆွေးနွေးမှုမှရရှိ လာသောစာတမ်းများအား ပါတီဝင်လူငယ်များက ဖတ်ကြားတင်ပြခဲ့ကြသည်။
လူငယ်ညီလာခံ(၂ဝ၁၈) အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားသို့ မြို့နယ်/အရန်ပါတီကော်မတီ ဝင်များ၊ တိုက်နယ်အသီးသီးမှ ပါတီဝင်လူငယ်များ စုစုပေါင်း ၅ဝ တက်ရောက်ခဲ့ကြပြီး ပါတီဝင် လူငယ်များက ပြည်ခိုင်ဖြိုးပါတီ သီချင်းကိုသံပြိုင်သီဆို၍ အခမ်းအနားအား မွန်းလွဲ ၃ နာရီတွင် အောင်မြင်စွာပြီးစီးခဲ့ကြောင်း သိရသည်။
ဇင်မိုးလေး