အမေရိကန်သံရုံး ဂျေရုဆလင်ကို ရွှေ့လို့ ဆန္ဒပြပွဲဖြစ်၊ လူ ၅၀ သေဆုံး
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်က အစ္စရေးလ်နိုင်ငံရဲ့ မြို့တော်အဖြစ် ဂျေရုဆလင်မြို့ကို အသိအမှတ် ပြုခဲ့ပြီးတဲ့နောက် ၄ လအကြာ မနေ့က အမေရိကန်သံရုံးကို တဲလ်အဗစ်မြို့ကနေ ဂျေရုဆလင်ကို ရွှေ့ပြောင်း ဖွင့်လှစ်လိုက်ပါတယ်။
အခုလို အမေရိကန်သံရုံးကို ဂျေရုဆလင်ကို ဖွင့်လှစ်လိုက်တာကို ဒေါသထွက် ဆန္ဒပြကြတဲ့ ပါလက်စတိုင်း လူငယ်တွေ ရာပေါင်းများစွာကို အစ္စရေးတပ်တွေက ပစ်ခတ်နှိမ်နင်းတဲ့အတွက် လူ ၅၀ နီးပါး သေကြေကြပြီး အမြောက်အမြား ဒဏ်ရာရရှိခဲ့ကြပါတယ်။
အာရပ်နိုင်ငံတွေ အများအပြားကလည်း ဒေါသထွက် ကန့်ကွက်ကြပြီး တူရကီဝန်ကြီးချုပ်က အမေရိကန်ဟာ အခုလိုလုပ်တဲ့အတွက် စစ်မီး မွှေးလိုက်တာပဲလို့ ပြောပါတယ်။ ထူးခြားတာကတော့ အမေရိကန်နဲ့ အဆင်ပြေနေတဲ့ အီဂျစ်နိုင်ငံက တိုက်ရိုက် ပြစ်တင်ဝေဖန်မှု မရှိခဲ့သလို ဆော်ဒီအာရေဗျနိုင်ငံကလည်း အမေရိကန် ကို ဝေဖန်ပြောဆိုမှု မရှိပါဘူး။
အရှေ့ အလယ်ပိုင်းဒေသမှာ သွေးထွက်သံယိုမှုတွေ ရုတ်တရက် ဖြစ်ပွားလာနိုင်တယ်ဆိုတဲ့ သတိပေးမှုတွေကို မသိကျိုးကျွံပြုတာ ဖြစ်သလို ဆယ်စုနှစ်ပေါင်းများစွာ သတိကြီးကြီးထားပြီး ဆက်ဆံခဲ့တဲ့ အမေရိကန်ရဲ့ မူဝါဒကို ပြောင်းလဲပစ်လိုက်တာဖြစ်တယ်လို့ အကဲခတ်တွေက ဝေဖန်ကြပါတယ်။
–Ref; RFA