ကင်ညာတွင် မိုးသည်းထန်စွာရွာပြီး ဆည်ကျိုးကျ၊ အနည်းဆုံး ၄၇ ဦးသေဆုံး
ကင်ညာနိုင်ငံမှာ မေ ၁၀ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး ဆည်တခု ရုတ်တရက် ကျိုးကျသွားတဲ့အတွက် အနည်းဆုံး ၄၇ ဦး သေဆုံးခဲ့ပါတယ်။
သီတင်းပတ်အတော်ကြာ မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့တာကြောင့် မြို့တော်နိုင်ရိုဘီရဲ့ အနောက် မြောက်ဘက် မိုင် ၁၂၀ အကွာမှ ရစ်ဖ်ထ်တောင်ကြားမှာရှိတဲ့ ဆည်တခု ကျိုးပေါက်ခဲ့ရကာ တောင်စောင်းက ကျေးရွာ ၂ ရွာ ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
ဒေသတွင်း ရဲတပ်ဖွဲ့မှ ရဲချုပ် ဂျာဖက်သ် ခီရိုကိုကတော့ သေဆုံးသူ အနည်းဆုံး ၄၇ ဦးရှိနေပြီး သေဆုံးသူဦးရေဟာ ခုထက်ပိုပြီး မြင့်တက်လာနိုင်တယ်လို့ ပြောပါတယ်။
ကင်ညာကြက်ခြေနီအဖွဲ့ကတော့ လူ ၃၉ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ကင်ညာအပါအဝင် အရှေ့အာဖရိကနိုင်ငံတွေမှာ ပြီးခဲ့တဲ့ ၂ လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကို ခံစားနေကြရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လကတည်းက စတင်ရွာသွန်းတဲ့ မိုးကြောင့် အရှေ့အာဖရိကဒေသက နိုင်ငံ ၃၂ နိုင်ငံမှာ လူ ၁၃၂ ဦးသေဆုံးခဲ့ပြီး ၂ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။
လက်ရှိမှာတော့ အဲဒီဒေသတွင်းမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပြီး မိုးကြီးမှုတွေကြောင့် ရေကြီးရေလျှံမှုတွေ ပိုမိုဆိုးရွားလာနိုင်ချေ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
(DVB)