ဘိန်းတိုက်ဖျက်ရေးဂိမ်း ဖန်တီးလိုက်သည့် အာဖဂန်အမျိုးသမီးငယ်များ
အကြမ်းဖက်မှုတွေကြောင့် နေအိမ်ပြင်ပမှာ ပျော်စရာရှာဖို့ ခက်နေတဲ့ အာဖဂန် လူငယ်တွေဟာ ဘိန်း တိုက်ဖျက်ရေးဂိမ်းကို ဖန်တီးလိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့မှာ အကြမ်းဖက်မှုတွေ တိုးနေလို့ ဒေသခံတွေအတွက် အိမ်ပြင်ပထွက်ပြီး ပျော်စရာရှာဖို့ ပိုခက်လာနေတာပါ။
မြို့အနောက်ပိုင်း ဟီရတ်မြို့နယ်မှာတော့ အမျိုးသမီးတအုပ်စုက ကွန်ပျူတာဂိမ်း တည်ဆောက်ရေးအတွက် အလုပ်များနေပါတယ်။
အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်း Code to Inspire (CTI) က သင်တန်းပေးထားတဲ့ လူငယ်ပညာရှင်လေး တွေဟာ ဌာနဖွင့်လှစ်တဲ့ ၂၀၁၅ ကနေ ခုထိ ဂိမ်းပေါင်း ၂၀ ကျော်ကို ဖန်တီး တည်ဆောက်ပြီးပါပြီ။
ခုတော့ ဘိန်းတိုက်ဖျက်ရေး ဂိမ်းကို ဖြန့်ချိဖို့ မီဒီယာက အာရုံစိုက်လာအောင် ကြိုးစားနေပါတယ်။
ဂိမ်းကစားသူတွေဟာ ဘိန်းခင်းတွေနဲ့ မူးယစ်ဆေးတွေကို ရှင်းလင်းရပါတယ်။ စစ်သားတွေ၊ မြေမြှုပ်မိုင်းတွေနဲ့ မူးယစ်ကုန်ကူးသူတွေကို ရှောင်တိမ်းပြီး ကုံကမံဥတွေကို ဘိန်းအစားထိုး စိုက်ပျိုးရပါတယ်။
ဒီဂိမ်းကနေတဆင့် အာဖဂန်ရဲ့ ပြဿနာတွေထဲက တခုကို ဖော်ကျူးထားတယ်၊ နိုင်ငံထဲမှာ ဘိန်းစိုက်တာနဲ့ ပတ်သက်ပြီး မပျော်ဘူးဆိုတဲ့ သတင်းစကားကို မျှဝေချင်တယ်၊ တိုင်းပြည်အတွက် ပိုကောင်းတဲ့ အစားထိုးတခုကို ဖန်တီးချင်တယ်လို့ ဂိမ်းဖန်တီးသူ ခါတီရာ မိုဟမ်မာဒီက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
နိုင်ငံတွင်း ဘိန်းထုတ်လုပ်မှုဟာ ၂၀၁၇ မှာ ၂၀၁၆ ထက် ၈၇ ရာခိုင်နှုန်းတိုးပြီး တန်ချိန် ၉၀၀၀ ထိ ရောက်ခဲ့တယ် လို့ အစိုးရ စာရင်းအင်းတွေက ပြထားပါတယ်။
အဖွဲ့ဟာ လောလောဆယ်မှာ အသက် ၁၅ နှစ်ကနေ ၂၅ နှစ်ကြား မိန်းကလေး အယောက် ၉၀ လောက်ကို ဗွီဒီယိုဂိမ်းတွေ ရေးနိုင်စေဖို့ coding and software development program အတွက် သင်တန်းပေးနေပါတယ်။
ဒီဂိမ်းတွေဟာ လူ့အဖွဲ့အစည်းအတွင်း အပြောင်းအလဲကို ဆောင်ကြဉ်းရာမှာ အင်မတန် ထိရောက်တယ်လို့ ဂိမ်းဖန်တီးတဲ့ သင်တန်းဆရာ အာဆန် အာရာရီက ပြောပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံဟာ တာလီဘန်တွေလက်အောက်က လွတ်မြောက်ပြီးချိန် မိန်းကလေးတွေဟာ ကျောင်းသွားခွင့်၊ ဘူခါခေါင်းဆောင်းမဝတ်ဘဲ နေခွင့်နဲ့ မိသားစုဝင် ယောက်ျားလေးမပါဘဲ အိမ်ပြင်ထွက်ခွင့်တွေ ပြန်ရခဲ့ပါတယ်။
ဒါပေမယ့် ရှေးရိုးစွဲ လူမှုကျင့်ဝတ်အရ အမျိုးသမီးတွေ အချိန်ပြည့် လုပ်ငန်းခွင်ဝင်ခွင့်ကိုတော့ ဟန့်တားထားဆဲ ဖြစ်ပါတယ်။
(DVB)