လှည်းကူးမြို့နယ် ဖောင်ကြီးအရှေ့ကျေးရွာ ပြည်ခိုင်ဖြိုးပါတီတွေ့ဆုံပွဲနှင့် ပါတီဝတ်စုံ ပေးအပ်ပွဲကျင်းပ


ရန်ကုန် ဧပြီ ၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတိုင်း၊ ခရိုင်၊ မြို့နယ်နှင့် လှည်းကူးမြို့နယ် ဖောင်ကြီးအရှေ့ကျေးရွာ ပါတီဝင်များတွေ့ဆုံပွဲနှင့် ပါတီဝတ်စုံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီက ဖောင်ကြီးအရှေ့ ကျေးရွာရှိ မဟူရာတောရကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ယင်းအခမ်းအနားသို့ ဗဟိုကော်မတီဝင် မြောက်ပိုင်းခရိုင်တာဝန်ခံ ဦးတင်မောင်ဝင်း၊ တိုင်းကော်မတီဝင် လှည်းကူးမြို့နယ်တာဝန်ခံ ဦးခင်မောင်တင့်၊ မြောက်ပိုင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးတင်ယု၊ ခရိုင်အတွင်းရေးမှူး ဦးမျိုးဇော်၊ ခရိုင်ကော်မတီဝင် အမျိုးသမီးနှင့်လူငယ်တာဝန်ခံ ဒေါ်သင်းသင်းလှိုင်၊ လှည်းကူးမြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြတ်စိုးနှင့် မြို့နယ်ကော်မတီဝင်များ၊ ပန်းတောကုန်း၊ ဂွေးတောက်အိုင်၊ ပုတ်သင်ညို၊ ဖောင်ကြီးအရှေ့၊ ဖောင်ကြီးအနောက် ကျေးရွာများမှ ကျေးရွာပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များနှင့် ပါတီဝင်များ တက်ရောက်ခဲ့ပြီး တက်ရောက်လာသူ များက နိုင်ငံတော်သီချင်းကို သံပြိုင်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် ဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြား၍ ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်းသည့် ပါတီဝတ်စုံများပေးအပ်ရာ တိုင်းပါတီကိုယ်စား ဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်း၊ တိုင်းကော်မတီဝင် ဦးခင်မောင်တင့်၊ ခရိုင်ဥက္ကဋ္ဌ ဦးတင်ယုနှင့် လှည်းကူးမြို့နယ် ပါတီဥက္ကဋ္ဌ ဦးမြတ်စိုးတို့က ကျေးရွာငါးရွာမှ ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များသို့ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း၊ ယင်းနောက် တိုင်းခရိုင်မြို့နယ် ပါတီကော်မတီအဖွဲ့ဝင်များက ပါတီဝင်များနှင့်အတူ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို နံနက် ၁၁ နာရီခွဲ၌ အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 ယူဒီနေ