နိုင်ငံရေးပါတီဆိုသည်မှာ ရွေးကောက်ပွဲအောင်နိုင်ရေး တစ်ခုတည်းကိုသာ လုပ်ဆောင်ရန် မဟုတ်ဘဲ ဒေသခံပြည်သူများ၏ အကျိုးကို တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်အေးမာခင်ပြော

 

စစ်တွေ၊ မတ် ၃၁

“နိုင်ငံရေးပါတီဆိုတာ ရွေးကောက်ပွဲအောင်နိုင်ဖို့တစ်ခုတည်းကိုသာ လုပ်ဆောင်ဖို့ မဟုတ်ပါဘူး။ ဒေသခံပြည်သူတွေရဲ့ အကျိုးကို တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးဖို့လည်း လိုပါတယ်” ဟု စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်အေးမာခင်က ပြောဆိုလိုက်သည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်၊ ကယ်ဆယ်ရေးရွာသစ်အတွင်း၌ မိုးရာသီအတွင်း ရေများ နစ်မြုစ်ကာ ရပ်ကွက်နေပြည်သူများ သွားရေးလာရေး အခက်ကြုံနေကြရရာ ကိုယ်ထူကိုယ်ထ သံကွန်ကရစ် တံတား ဆောက်လုပ်နေမှုတွင် ပြည်ထောင်ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ်မှ ဘိလပ်မြေအိတ်များ ထောက်ပံ့လှူဒါန်းရာ ပြည်နယ်ပါတီကိုယ်စား စစ်တွေမြို့နယ်ပါတီမှ မတ်လ ၃၀ ရက်နေ့ နေ့လည် ၁ နာရီခွဲက တံတားဆောက်လုပ်ရာသို့ သွားရောက်ကာ လှူဒါန်းမှုအပြီးတွင် ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဤကဲ့သို့ လှူဒါန်းခြင်းအပေါ် ကျေးဇူးတင်ကြောင်း၊ မိုးရာသီအတွင်း ရပ်ကွက်နေပြည်သူများမှာ သွားရေးလာရေး အခက်ကြုံနေကြရရာ ယခုကဲ့သို့ အလှူရှင်များ၏ ထောက်ပံ့မှုဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
“အခုလို တကူးတကလာပြီး လှူဒါန်းတာကို အရမ်း ကျေးဇူးတင်ပါတယ်။ ဒီနေရာတွေက မိုးရာသီမှာဆိုရင် ရေတွေနစ်ပြီ။ သုံးဘီးဆိုင်ကယ်တွေတောင် ၀င်လို့မရပါဘူး။ အဓိကတော့ ကျောင်းသားလေးတွေပါ။ ကျောင်းသွားရတာ တကယ်ကို အခက်အခဲကြုံ တွေ့ရပါတယ်။ အဲဒါကြောင့် အလှူရှင်တွေနဲ့ ဒီနှစ်မိုးရာသီအမီ တည်ဆောက်နေတာပါ”ဟု ၎င်းက ပြောသည်။
အဆိုပါလှူဒါန်းရာသို့ စစ်တွေမြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်အေးမာခင်နှင့် ကော်မတီဝင်များ သွားရောက် လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး ရပ်မိရပ်ဖများမှ လက်ခံရယူခဲ့သည်။
“ကျမတို့ပါတီဟာ အခုလို အမှန်တကယ်လိုအပ်နေတဲ့ ဒေသတွေမှာ လိုက်ပါပြီးတော့မှ ကူညီဆောင်ရွက်နေတာပါ။ နိုင်ငံရေးပါတီဆိုတာက ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အခက်အခဲတွေကို တတ်နိုင်သလောက် ကူညီဖြေရှင်းကြရမယ်လို့ ကျမတို့ ခံယူထားပါတယ်” ဟု ဒေါ်အေးမာခင်က ဆိုသည်။

နေချိုသွေး