ကတ်ရှ်မီးယားဒေသ၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် လူ ၁၂ ဦးသေဆုံး

ဆရင်နာဂါ၊ အိန္ဒိယ၊ ဧပြီ ၂

အိန္ဒိယအစိုးရအုပ်ချုပ်ရာ ကတ်ရှ်မီးယားဒေသအတွင်း၌ ဆန္ဒပြပွဲများပြုလုပ်နေစဉ် အကြမ်းဖက်ဖြစ်စဉ် အများ အပြား ဖြစ်ပွားခဲ့သောကြောင့် သောင်းကျန်းသူ ၈ ဦးထက်မနည်းအပါအ၀င် စစ်သား ၂ဦးနှင့် အရပ်သား ၂ ဦး တို့ သေဆုံးသွားခဲ့ကာ လူအများအပြားဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက တနင်္ဂနွေနေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။

ဂျမ်မူးနှင့် ကတ်ရှ်မီးယားရဲတပ်ဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် အက်စ်ပီဗာအိဒ်က ရှိုပီယန်ခရိုင်အတွင်းမှ သောင်းကျန်းသူ ၇ ဦးနှင့် အာနန်နက်ခရိုင်အတွင်းမှ သောင်းကျန်းသူတစ်ဦးတို့ သေဆုံးသွားခဲ့ကြောင်း သတင်းထောက်များကို ပြောခဲ့သည်။

ဒါ့အပြင် စစ်သား ၂ ဦးနှင့် အရပ်သား ၂ ဦးတို့သည် ရှိုပီယန်ခရိုင်အတွင်းမှ ဒရာဂတ်နှင့် ကတ်ခ်ျဒိုရာအရပ်တို့ တွင်ဖြစ်ပွားခဲ့သော အချင်းများမှုများအတွင်း သေဆုံးသွားခဲ့ပြီး အရပ်သား ၃၁ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

ရဲတပ်ဖွဲ့၏အဆိုအရ ရှိုပီယန်နှင့် အာနန်နက်ခရိုင်အတွင်းတို့တွင် သေနတ်ပစ်ခတ်မှုများ ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အာဏာပိုင်များက ၀င်ရောက်ဖြိုခွင်းစဉ်မှာပင် သေနတ်ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့နောက်တွင်အာဏာပိုင်များက ကြိုတင်ကာကွယ်သည့်အနေဖြင့် ကတ်ရှ်မီးယားတောင်ကြားဒေသတွင် အင်တာနက်လိုင်းများကို ပိတ်ထားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့များသည် ဆန္ဒပြသူလူအုပ်ကြီးကို မျက်ရည်ယိုဗုံးများ၊ ခဲကျည်ဆန်များနှင့် ကျည်အစစ်များကို အသုံးပြု၍ ပစ်ခတ်နှိမ်နင်းခဲ့သောကြောင့် ကတ်ခ်ျဒိုရာအရပ်ရှိ လမ်းမများပေါ်၌ ရာနှင့်ချီသောလူအုပ်ကြီးက ကျောက်တုံးများနှင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ဆိုခဲ့ကြသည်။

သောင်းကျန်းသူများ သေဆုံးခဲ့မှုအတွက် ၀မ်းနည်းပူဆွေးသည့်အနေဖြင့် တနင်္ဂနွေနှင့် တနင်္လာနေ့တို့တွင် သပိတ်မှောက်ပွဲပြုလုပ်သွားရန် ခွဲထွက်ရေးခေါင်းဆောင်များက လူထုကြီးကို ဆော်သြခဲ့ကြသည်။

အိန္ဒိယအစိုးရအုပ်ချုပ်သောကတ်ရှ်မီးယားဒေသသည် မွတ်စလင်ဘာသာဝင်အများစုနေထိုင်သော ဒေသဖြစ် သည်။ အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ဗြိတိသျှတို့ထံမှ ၁၉၄၇ ခုနှစ်တွင် လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် ကတ်ရှ်မီးယားဒေသ နှစ်ပိုင်းကွဲသွားသည့်အချိန်မှစ၍ ယင်းနယ်မြေများကို ကိုယ်ပိုင်အချုပ်အခြာအာဏာ ထားရှိရန် ကြိုးပမ်းနေခဲ့ပြီး မကြာခဏဆိုသလို ယင်းဒေသအတွင်း၌ အဓိကရုဏ်းများ၊ ဆူပူအုံကြွမှုများ ဖြစ်ပွားလျက် ရှိသည်။ 

Mizzima