ဆီဗီလာနှင့်ပွဲတွင် ပေါ့ဂ်ဘာ ပါဝင်ရန်မသေချာဟု မန်ယူနည်းပြ ပြောကြား

ဆီဗီလာနှင့် ယနေ့ည ကစားမည့် ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွင် ကွင်းလယ် ကစားသမား ပေါ့ဂ်ဘာပါဝင်ကစားနိုင်ခြင်း ရှိ၊ မရှိနှင့်စပ်လျဉ်း၍ မသေချာသေးကြောင်း မန်ယူနည်းပြ မော်ရင်ဟို ကပြောသည်။ ပြင်သစ်ကွင်းလယ်လူ ပေါ့ဂ်ဘာသည် မတ်လ ၁၀ ရက်က လီဗာပူးကို ၂-၁ ဂိုးဖြင့် အနိုင်ရသော ပွဲကိုလည်း လွဲချော်ခဲ့သည်။

ယင်းပွဲမကစားမီ အသင်းလေ့ကျင့်ရေး အစီအစဉ်၌ ဒဏ်ရာတစ်ခု ရရှိခဲ့ပြီးနောက် ပေါ့ဂ်ဘာသည် ချန်လှပ်ခံခဲ့ရပြီး မန်ယူ အိမ်ကွင်းတွင် ကစားမည့် ဆီဗီလာနှင့်ပွဲအတွက် ၎င်းအနေဖြင့် အချိန်မီပြန်ကစားနိုင်ခြင်း ရှိ၊ မရှိ မော်ရင်ဟိုက သတင်းစကား စောင့်ဆိုင်းနေသည်။ ယင်းပွဲစဉ်တွင် ပေါ့ဂ်ဘာပါ ဝင်ကစားနိုင်ဖွယ် ရှိ၊ မရှိနှင့် ပတ် သက်၍ မေးမြန်းခံရစဉ် မော်ရင် ဟိုက ‘‘ကျွန်တော်မသိဘူး’’ ဟု ဗြိတိန်မီဒီယာများအား ဖြေကြားခဲ့သည်။

မန်ယူအသင်း၏ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ပေါ့ဂ်ဘာ သည် ယခုနှစ်ရာသီ ၎င်း၏ စွမ်းဆောင်ရည်အတွက် ဝေဖန်ခံနေရပြီး ပြီးခဲ့သည့်လက ဆီဗီလာနှင့် ဂိုးမရှိသရေကျခဲ့သော ပထမအကျော့ပွဲစဉ်တွင် မော်ရင်ဟိုက ၎င်းကို အရန်ခုံပို့ခဲ့သည်။ ယင်းပွဲတွင် ကွင်းလယ်က စားသမားဟာရဲရား ဒဏ်ရာရခဲ့ပြီးနောက် ပေါ့ဂ်ဘာသည် စောစီးစွာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ကစားခွင့် ရခဲ့သည်။  

‘‘ဆီဗီလာနဲ့ပွဲရယ်၊ အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဖြစ် ဘရိုက်တန်နဲ့ ကစားရမယ့် ပွဲရယ်က လီဗာပူးနဲ့ပွဲထက် အရေးကြီးပါတယ်။ လီဗာပူးနဲ့ ပွဲကလည်း ပွဲကြီးတစ်ပွဲပါပဲ၊ ဒါပေမဲ့  ဆီဗီလာရယ်၊ ဘရိုက်တန်ရယ်နဲ့ ပွဲက သေရေးရှင်ရေး ကစားရမယ့် ပွဲတွေပါ။ အဲဒါကြောင့် ဒီနှစ်ပွဲက လီဗာပူးနဲ့ပွဲထက် အရေးကြီးပါ တယ်’’ ဟု မော်ရင်ဟိုက ပြောကြားသည်။

မန်ယူတွင် ပေါ့ဂ်ဘာပါဝင်ခဲ့ပါက မော်ရင်ဟိုအနေဖြင့် မာတာ (သို့မဟုတ်) လီဗာပူးနှင့်ပွဲ၌ ခြေစွမ်းပြခဲ့သော လူငယ်ကစားသမား မက်တိုမီနေးကို အသင်းလူ စာရင်းမှ ချန်လှပ်ထားဖွယ်ရှိသည်။ ပထမအကျော့က ဆီဗီလာနှင့် ဂိုးမရှိသရေကျခဲ့သော မန်ယူသည် ၂၀၁၃-၁၄ နောက်ပိုင်း ချန်ပီယံလိဂ် ကွာတားအဆင့်သို့ ပြန်တက်လှမ်းရန် ကြိုးစားမည်ဖြစ်ကာ ဆီဗီလာက ပထမဆုံး ကွာတားရောက်ရန် ကြိုးစားမည်ဖြစ်သည်။

အခြားပွဲစဉ်တစ်ခုတွင် ပထမအကျောက့ ရှက်တာဒိုးနက်စ်ကွင်း၌ ၂-၁​ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းကို ရိုးမားက ပြောင်းပြန်လှန်နိုင်မည်လား စောင့်ကြည့်ရမည်ဖြစ်သည်။

သောကြာနေ့က စီးရီးအေပွဲတွင် တိုရိုနိုကို ၃-၀ ဂိုးဖြင့် အနိုင်ရပြီးနောက် ရိုးမားနည်းပြ ဒီဖရန် ဆက်စကိုက ရှက်တာဒိုးနက်စ်ကို မိမိတို့ အိမ်ကွင်း၌ ကျော်လွှားနိုင်မည်ဟု ယုံကြည်နေသည်။ သို့သော် ရိုးမားနှင့်နောက်ဆုံး ငါးကြိမ်တွေ့ဆုံမှု၌ လေးပွဲနိုင်ထားသော မှတ်တမ်းကောင်း ရှက်တာဒိုးနက်စ်တွင်ရှိနေပြီး ရိုးမားက တစ်ကြိမ် အနိုင်ရရှိထားသည်။

—Ref:Reuters/Skysports.com.AP