မလေးရှားရှိ ငလျင်လှုပ်ခတ်ရာ တောင်ထိပ်မှ တောင်တက်သမားများကို အောင်မြင်စွာ ကယ်ဆယ်

မလေးရှား နိုင်ငံတွင် ရစ်ခ်ျတာစကေး ၅.၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားပြီးနောက် အဆိုပါ ဒေသရှိ တောင်တက်သမားများကို ရွှေ့ပြောင်း ကယ်ဆယ်ပေးခဲ့ရကြောင်း သိရသည်။

မတ်လ ၈ ရက်က ဆာဘားတွင် ငလျင်လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်များပါ ဆက်တိုက် ဖြစ်ပေါ်လျက် ရှိသည်။ ငလျင်လှုပ်သည့် ဧရိယာတွင် တောင်တက်သမားများကြား ရေပန်းစားသည့် ကီနာဘာလူ တောင်ထိပ်လည်း ရှိနေရာ ထိုနေရာတွင် အရေးပေါ် ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ရသည်။

ညပိုင်းက ငလျင်လှုပ်ခတ်ချိန်တွင် တောင်အောက်နှင့် တောင်ပေါ်၌ တောင်တက်သမား ၁၃၀ ကျော်မျှ ရှိနေခဲ့ကြောင်း ဆာဘား အုပ်ချုပ်ရေးအဖွဲ့၏ ကမ္ဘာလှည့် ခရီးသွား ဝန်ကြီးဌာနက ကြေညာသည်။ အဆိုပါ တောင်တက်သမားများကို ညပိုင်းနှင့် နောက်တစ်နေ့ မနက်အစောပိုင်းတွင် အောင်မြင် ချောမောစွာ ကယ်ဆယ် ရွှေ့ပြောင်းနိုင်ခဲ့သည်။

ပင်လယ်ရေမျက်နှာပြင်အထက် ၃၇၇၂ မီတာ အမြင့်တွင် တည်ရှိသော တောင်ခြေစခန်း၌ ပိတ်မိနေသော တောင်တက်သမားများကို ဘေးအန္တရာယ် မရှိဘဲ ကယ်ဆယ် ခေါ်ယူလာနိုင်ကြောင်း ပြည်သူ့လုံခြုံရေး ဌာနက ဆိုသည်။

ငလျင်ကြောင့် အခြားသော ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား မရှိသော်လည်း ကီနာဘာလူနှင့် အခြားသော တောင်ပေါ် ဒေသများတွင် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မလေးရှား အစိုးရက ငလျင်ကြောင့် ပျက်စီးမှု အတိုင်းအတာကို စစ်ဆေးနေဆဲဖြစ်ပြီး လိုအပ်သော ထောက်ပံ့ ကူညီမှုများ ပြုလုပ်သွားမည်ဟု ကြေညာထားသည်။

ကီနာဘာလူ တောင်ထိပ်အနီးတွင် ၂၀၁၅ ခုနှစ်ကလည်း ရစ်ခ်ျတာစကေး ၅.၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ဖူးပြီး ထိုစဉ်က စင်ကာပူ နိုင်ငံသား ၁၀ ဦး အပါအဝင် ၁၈ ဦးထိ အသက်ဆုံးရှုံးခဲ့သည်။

Ref: CAN