ဘောလုံးအကယ်ဒမီများတွင် ဂျပန်နည်းပြဖြင့် လေ့ကျင့်သင်ကြား

မြန်မာဘောလုံးအကယ်ဒမီ သုံးခုမှာ ဂျပန်ဘောလုံးအဖွဲ့ချုပ် အကူအညီနဲ့ ဂျပန်နည်းပြတွေ ခန့်အပ် လေ့ကျင့်သင်ကြားပေးနေပြီ ဖြစ်ပါတယ်။

ရန်ကုန်၊ မန္တလေးနဲ့ ပုသိမ်မြို့တို့ရှိ ဘောလုံးအကယ်ဒမီကျောင်းတွေမှာ လေ့ကျင့်ပေးနေတာဖြစ်ပြီး ဂျပန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်နဲ့လည်း အရင်ကထက်ပိုပြီး ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောပါတယ်။

”အခုအချိန်မှာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ အကယ်ဒမီတွေ တည်ထောင်ပြီး လူငယ်ကစားသမား ပေါ်ထွက်လာရေးအတွက် ဦးစားပေး ဆောင်ရွက်နေသလို သက်တမ်းအလိုက် အမျိုးသား၊ အမျိုးသမီး လူငယ်ပြိုင်ပွဲတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် လူငယ်ဘောလုံးပြိုင်ပွဲတွေ၊ ဘောလုံးပွဲတော်တွေနဲ့ ဘောလုံး သင်တန်းတွေ ဖွင့်လှစ် ကျင်းပဆောင်ရွက်နေပါတယ်။ ဂျပန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်နဲ့လည်း အရင်ကတည်းက ဆက်သွယ်ဆောင်ရွက်နေပေမယ့် ဒီနေ့ ဒီအချိန်မှာတော့ ပိုပြီး ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခွင့်အရေး ရရှိနေပြီ ဖြစ်တဲ့အတွက် ဝမ်းသာမိပါတယ်။”

မြန်မာ-ဂျပန် နှစ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်များ ဆွေးနွေးဆုံးဖြတ်ခဲ့မှုတွေအရ မြန်မာဘောလုံးအကယ်ဒမီများနဲ့ ဂျပန်ဘောလုံးအကယ်ဒမီများ အချင်းချင်း အပြန်အလှန် ခြေစမ်းပွဲများကစားခြင်း၊ နည်းပြများနဲ့ နည်းစနစ်ပိုင်း မျှဝေခြင်း၊ ပူးပေါင်းလေ့ကျင့်ခြင်းများနဲ့ ပြိုင်ပွဲများ ကျင်းပခြင်းတို့ကို  အတူတကွ ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကတဆင့် ဂျပန်-အာဆီယံနိုင်ငံများ ဘောလုံးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး၊ ဘောလုံး ပွဲတော်များ၊ ပြိုင်ပွဲများ ကျင်းပရေးတို့ကိုလည်း ဆောင်ရွက်မယ်လို့ အဖွဲ့ချုပ်သတင်းမှာ ဖော်ပြထားပါတယ်။

 

(DVB)