“၂ဝ၂ဝ ရွေးကောက်ပွဲ အောင်မြင်နိုင်ရေးအတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာအုပ်စု ဖွဲ့စည်းရာ၌ ကျစ်ကျစ်လျစ်လျစ် ဖွဲ့စည်းထားရန်လိုအပ်ကြောင်း” ပါတီဗဟိုအကြံပေး ဦးသိန်းဇော် ပြောကြား

13343027_1758632801021622_9000052321201838326_n

“၂ဝ၂ဝ ပါတီစုံအထွေထွေရွေး ကောက်ပွဲကြီးတွင် မိမိတို့ပါတီ အောင်နိုင်ရေးအတွက် ပါတီတွင်း စုဖွဲ့ မှုများ ကြိုတင်လုပ်ဆောင်ထားကြရန် လိုအပ်ကြောင်း၊ ယခုအစိုးရသစ်သည်၂ဝ၁၅ ရွေးကောက်ပွဲတွင် ပြည်သူ ၁၁ သန်း၏ ထောက်ခံမှုကိုရရှိခဲ့ပြီး မိမိတို့ပါတီအနေဖြင့် ဒုတိယနေရာ၌ ပြည်သူခုနစ်သန်း၏ ထောက်ခံမှုကို ရရှိခဲ့ကြောင်း၊

ပါတီတွင်း ပြန်လည်ရွေးချယ်သည့်နေရာတွင် အခြေခံအကျဆုံးဖြစ်သော ရပ်ကွက်၊ ကျေးရွာသည် အလွန်အရေးကြီးကြောင်း၊ ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ရာတွင် နယ်မြေ ဒေသနှင့် ကိုက်ညီရန်လည်း လိုအပ်ကြောင်း၊

ပါတီဝင်များအနေဖြင့် ၂ဝ၁၅ ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခြင်း မခံရသော်လည်း ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားရန်လိုအပ်ကြောင်း၊ ပြင်ဆင်ဖွဲ့စည်းသည့် နေရာ တွင်လည်း ဘက်စုံရှုထောင့်ပေါင်းစုံ ပါဝင်ရန် လိုအပ်ကြောင်း၊ ၂ဝ၂ဝ ရွေးကောက်ပွဲ အောင်မြင်နိုင် ရေးအတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာအုပ်စု ဖွဲ့စည်းရာ၌ ကျစ်ကျစ်လျစ်လျစ်နဲ့ ဖွဲ့စည်းထားရန်လိုအပ်ကြောင်း၊

တစ်ချိန်က ပါတီအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဥပဒေပြုရေးတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယခုအချိန်တွင် ပါဝင်ပြုလုပ်နိုင်ခြင်း မရှိသည့်အတွက် ပြည်သူ့အကျိုးပြု လုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊

ဒီအချိန်ကာလမှာ ပြည်သူထောက်ခံလာအောင် ပြည်သူနှင့်တစ်သားတည်းဖြစ်အောင် ပါတီဝင်များ အနေဖြင့် နေထိုင်သွားလာရန်လည်း လိုအပ်ကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးစီးပွားကို အားလုံးဝိုင်းဝန်း၍ ကူညီပူးပေါင်းပါဝင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဒီငါးနှစ်ကာလမှာ အောင်မြင်မှုရရှိရန်အတွက် ပြည်သူကို မှန်ကန်သည့် မီးမောင်းထိုးပြရန်လိုအပ်ပြီး တကယ် လက်တွေ့တွင် အရေအတွက်ထက် အရည်အချင်းပြည့်ဝသည့် ပါတီဝင်များနဲ့ ပါတီကြီးဖြစ်နေရန် လည်း လိုအပ်ကြောင်း”  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအကြံပေး (ကချင်ပြည်နယ် တာဝန်ခံ) ဦးသိန်းဇော်က မေလ (၃၁) ရက်က မြစ်ကြီးနားမြို့ ပါတီရုံး၌ပြုလုပ်သော ဖွံ့ဖြိုးရေးပါတီ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ပြောကြားခဲ့သည်။


Leave a Reply