အီဂျစ်နိုင်ငံရှိ မြန်မာသံရုံးလုံခြုံရေးအတွက် အသုံးစရိတ် တိုးမြှင့်တောင်းဆို

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိမြန်မာသံရုံးမြင်ကွင်း

 

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာရှိတဲ့ မြန်မာသံရုံးလုံခြုံရေး တိုးမြှင့်ကာကွယ်ချထားဖို့ အရေးပေါ်ရန်ပုံငွေကို ဖေဖော်ဝါရီ ၁၃ ရက်က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ နိုင်ငံခြားရေး ၀န်ကြီးဌာနက တင်ပြတောင်းခံခဲ့ တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေကို သတင်း၊ မီဒီယာတွေမှာ နေစဉ်မပြတ် ဖော်ပြလာခဲ့ပြီးနောက်ပိုင်း မြန်မာသံရုံးကို အန္တရာယ်ပြုနိုင်မယ့် အလားအလာတွေ၊ လုံခြုံရေးအရ စိုးရိမ်ရတဲ့ အနေအထားတွေ ဖြစ်ပေါ်လာနေတာကို မြန်မာသံအမတ်ကြီးက တင်ပြလာတယ်လို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်က အရေးပေါ်ရန်ပုံငွေတောင်းခံရတာနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံက အီဂျစ်နိုင်ငံကို ဆက်သွယ်အကြောင်းကြားခဲ့ရာမှာ လုံခြုံရေးအတွက် အီဂျစ်ရဲတပ်ဖွဲ့ အင်အားကိုတိုးမြှင့်ပေးမှာ ဖြစ်ပေမယ့်  သံရုံးအတွက် လိုအပ်တဲ့ လုံခြုံရေးပစ္စည်းတွေ ဖြည့်တင်းဖို့နဲ့ ရဲကင်းတွေကို တည် ဆောက်ဖို့ အကြံပြုခဲ့တာကြောင့် အခုလိုအရေးပေါ်ရန်ပုံငွေ တောင်းခံရတာလို့ ဆိုပါတယ်။

အီဂျစ်နိုင်ငံရှိ မြန်မာသံရုံးကို လုံခြုံရေးတိုးမြှင့်ရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက ကျပ် ၄၇ ဘီလီယံတောင်းခံခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနစ် စက်တင်ဘာ ၃၀ ရက်က အီဂျစ်နိုင်ငံကိုင်ရိုမြို့ မြန်မာသံရုံးနားမှာ အသေးစား ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဗုံးပေါက်ကွဲမှု မဟုတ်ဘူးလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့ဘူးပါတယ်။

Source : 7DayDaily  /Photos : Indian Express