ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး စစ်ကိုင်းတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီလူငယ်တွေ့ဆုံပွဲအခမ်းအနားတွင် လမ်းညွှန်အမှာစကားပြောကြား
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့နေ့လည်၁နာရီက မုံရွာမြို့တော်ခန်းမတွင်စစ်ကိုင်းတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်၍ လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။
ယနေ့ကျင်းပသည့် တွေ့ဆုံပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်း၊ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ စစ်ကိုင်းတိုင်းဒေသကြီးနယ်မြေတာဝန်ခံဦးမြင့်စိုး၊ဗဟိုလူငယ်ရေးရာ ကဏ္ဍတာဝန်ခံဒေါက်တာအောင်မြတ်ဦးနှင့်တိုင်းဒေသကြီးပါတီဥက္ကဌဒေါက်တာမြင့်သိန်း၊ဗဟိုကော်မတီဝင်များ၊တိုင်းဒေသကြီးပါတီအတွင်းရေးမှူးဦးအောင်ဇော်ဦး၊တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ခရိုင်နှင့်မြို့နယ်များမှပါတီဥက္ကဌများ၊အတွင်းရေးမှူးများနှင့်ပါတီ ကော်မတီဝင်များနှင့်ပါတီဝင်လူငယ်များ အပါအဝင်စုစုပေါင်းအင်အား၁၀၃၅ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားအား နိုင်ငံတော်သီချင်းသံပြိုင်သီဆိုဖွင့်လှစ်၍ ရပ်/ကျေးပါတီ လူငယ်ရေးရာအဖွဲ့ ဝင်တစ်ဦးဖြစ်သည့် မုံရွာမြို့နယ်၊ကျောက္ကာကျေးရွာမှ မရီရီထွန်း၊ပုလဲမြို့နယ်ပါတီလူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုအောင်လင်းနှင့်စစ်ကိုင်းတိုင်းဒေသကြီး
ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာတာဝန်ခံတိုင်းဒေသကြီးပါတီကော်မတီဝင်ဦးအောင်ကိုစံမှ နယ်မြေအလိုက်လူငယ်ရေးရာဖွဲ့စည်းလှုပ်ရှားဆောင်ရွက်နေမှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ ပါတီဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဒေါက်တာမြင့်သိန်းမှ လူငယ်ရေးရာကိစ္စများကို ခြုံငုံသုံးသပ်တင်ပြခဲ့ပြီးနောက်ပါတီဗဟိုအလုပ်အမှုဆောင်၊စစ်ကိုင်းတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးမြင့်စိုးက အမှာစကားပြောကြားခဲ့ကြသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာသူများ အား စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရှမ်း၊ကချင်၊ နာဂ၊ကဒူး၊ကနန်းနှင့်ချင်း တိုင်းရင်းသားများ၏ ရိုးရာအကများ၊ပါတီဝင်လူငယ်များ၏ပြည်ခိုင်ဖြိုးလူငယ်တေးသီချင်း စသည်တို့ဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ ကာ တိုင်းရင်းသားရိုးရာအကအဖွဲ့များအား ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ချီးမြှင့်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။