အမေရိကန်၏ ခေတ်ကာလသစ် တစ်ခုသို့ ပြောင်းလဲသွားမည်ဟု ထရမ့်ကြွေးကြော်

အမေရိကန် တစ်နိုင်ငံလုံးကို လိပ်မူပြီး ပြောကြားခဲ့သည့် မိန့်ခွန်း၌ သမ္မတ ဒေါ်နယ်လ်ထရမ့်က အမေရိကန်၏ ခေတ်ကာလသစ် တစ်ခုသို့ ပြောင်းလဲ ဝင်ရောက်သွားမည်ဟု ကြွေးကြော်ခဲ့သည်။

ထရမ့်၏ မိန့်ခွန်းထဲတွင် ကဏ္ဍအတော်များများ ဆက်စပ် ပါဝင်ခဲ့ပြီး နိုင်ငံရေး ကဏ္ဍတွင် အမြင်ကွဲပြားသူများ ပိုမို ပူးပေါင်း အလုပ်လုပ်ရန်လည်း တိုက်တွန်းသွားခဲ့သည်။ ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတက မိမိသည် ဒီမိုကရက်များနှင့် ယှဉ်တွဲ အလုပ်လုပ်ရန် လက်ကမ်း ကြိုနေမည်ဟု ဆိုသည်။

၎င်းက အမေရိကန် အနေဖြင့် နယ်စပ်များကို လွတ်လပ်စွာ ဖွင့်ပေးထားသည့် မူဝါဒကို ပြန်လည် သုံးသပ်ရန် လိုပြီဟုလည်း သတိပေးခဲ့သည်။ “လမ်းဖွင့်ပေးထားတဲ့ နယ်စပ်ကနေ ဆယ်စုနှစ်တွေ များစွာ ကြာတဲ့ထိ မူးယစ်ဆေးတွေ၊ ဒုစရိုက် ဂိုဏ်းသားတွေက ကျုပ်တို့ တန်ဖိုးထားရတဲ့ လူ့အသိုက်အဝန်းထဲ ဆက်တိုက် စိမ့်ဝင်လာနေခဲ့တယ်”ဟု ထရမ့်က ဆိုသည်။

အမေရိကန်သာ ပဓာနဆိုသော မူဝါဒကို ကိုင်ဆွဲပြီး သမ္မတ ဖြစ်လာသည့် ထရမ့်၏ ပထမဆုံး အာဏာသက်တမ်း တစ်နှစ်အတွင်း နိုင်ငံစီးပွားရေး ထင်ရှားစွာ တိုးတက်လာသော်လည်း ထရမ့်အပေါ် ထောက်ခံမှုများ ပြန်လည် ယုတ်လျော့ ကျဆင်းလာနေကြောင်း လေ့လာသူများက ဆိုသည်။ အဓိက အကြောင်းရင်းမှာ ၎င်း၏ အငြင်းပွားစရာ မူဝါဒရေးရာ အမြင်များကြောင့် ဖြစ်သည်။

ထရမ့်က “ကျုပ်ရဲ့ အစိုးရဟာ လုံခြုံတဲ့၊ ခိုင်မာတဲ့၊ ဂုဏ်ယူဝံ့ကြွားနိုင်တဲ့ အမေရိကန် အသစ်ကို တည်ဆောက် နေတာဖြစ်တယ်။ အမေရိကန်ရဲ့ အိပ်မက်တွေထဲမှာ လက်တွေ့ ဖော်ဆောင် နေထိုင်ဖို့ လက်ရှိထက် ပိုကောင်းတဲ့ ကာလမျိုး မရှိနိုင်ဘူး”ဟုလည်း ပြောကြားခဲ့သည်။

ထရမ့်၏ မိန့်ခွန်းကို ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ရာ အမေရိကန်ပြည်သူ သန်း ၄၀ မျှ စောင့်ကြည့်ခဲ့သည်။ ထရမ့်က မြောက်ကိုရီးယား၏ နျူကလီးယား လက်နက် ပိုင်ဆိုင်ရေး အားထုတ်မှုများကိုလည်း ရှုတ်ချသွားခဲ့သည်။

၎င်းက “ပြုံယမ်း အစိုးရရဲ့ နျူကလီးယား ဒုံးကျည်တွေ ပိုင်ဆိုင်ရေး အဆင်ခြင်မဲ့ အားထုတ်မှုတွေဟာ သိပ်မကြာခင်မှာ ကျုပ်တို့ရဲ့ အမိမြေကို အမှန်တကယ် ခြိမ်းခြောက်လာပါလိမ့်မယ်။ ဒါမျိုး မဖြစ်အောင် တားဖို့ အတွက် ကျုပ်တို့ဟာ ဖိအား အကြီးမားဆုံးပေးပြီး လှုပ်ရှား တုံ့ပြန်သွားရလိမ့်မယ်”ဟု ဆိုသည်။

၎င်းက ဆီးရီးယားနှင့် အီရတ်ရှိ အိုင်အက်စ်အိုင်အက်စ် စစ်သွေးကြွများ သိမ်းယူထားရာ နယ်မြေအားလုံးနီးပါး ပြန်လည် ထိန်းချုပ် ရယူနိုင်ခဲ့သည့် ကိစ္စကိုလည်း ထည့်သွင်း အတည်ပြုသွားသည်။ “အိုင်အက်စ်အိုင်အက်စ် လုံးဝဥဿုံ နိဂုံးချုပ် အဆုံးသတ်သွားတဲ့ထိ ကျုပ်တို့ ဆက်ပြီး တိုက်ပွဲဝင်သွားမှာပါ”ဟု ထရမ့်က ကတိပေးခဲ့သည်။

ထရမ့်၏ မိန့်ခွန်းထဲတွင် ရုရှားနှင့် ပတ်သက်၍ များများစားစား ထည့်သွင်း မှတ်ချက်ပေးမှုမျိုး မရှိချေ။ ၎င်းက တရုတ်နည်းတူ ရုရှားသည်လည်း အမေရိကန်၏ ပြိုင်ဘက်အဖြစ် တစ်ကြိမ်မျှသာ ရည်ညွှန်း သုံးစွဲသွားခဲ့ကြောင်း သိရသည်။  Ref: AFP