ရွေးကောက်ပွဲကို စောစီးစွာကျင်းပပေးရန် ထိုင်းနိုင်ငံ၌ ဆန္ဒထုတ်ဖော်
ဗန်ကောက် ဇန်နဝါရီ ၂၈
ထိုင်းနိုင်ငံတွင် ဒီမိုကရေစီထောက်ခံသည့် တက်ကြွလှုပ်ရှားသူများသည် ဗန်ကောက် မြို့လယ်ကောင်၌ စုဝေးကာ အရပ်သား အုပ်ချုပ်မှုအခြေအနေသို့ ပြန်လည်ရောက်ရှိရန် နှောင့်နှေးကြန့်ကြာနေမှုအတွက် ဆန္ဒထုတ်ဖော်ခဲ့ ကြကြောင်း သိရသည်။
အရှေ့တောင်အာရှအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံသည် ၂ဝ၁၄ ခုနှစ်တွင် အာဏာသိမ်းခံရပြီးချိန်မှစကာ တပ်မတော် ဦးဆောင်သည့် အစိုးရက စစ်အုပ်ချုပ်ရေး အောက်ကျရောက်ခဲ့သည်။ ဝန်ကြီးချုပ် ပရာယွတ်ချန် အိုချာက ဒီမိုကရေစီလမ်းကြောင်းသို့ ရောက်ရှိမည့် အထွေထွေရွေးကောက်ပွဲကို ယခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည်ဖြစ်ကြောင်း ပြောဆိုထားခဲ့သည်။
သို့သော်လည်း တပ်မတော်ထိန်းချုပ်ထားသည့် အမျိုးသားညီလာခံသည် ရွေးကောက်ပွဲဥပဒေသစ်တစ်ရပ် အစပြုမှုကို ရွှေ့ဆိုင်းရန် အစီအစဉ်ကို ပြီးခဲ့သည့် ကြာသပတေးနေ့က အတည်ပြုခဲ့ရာ ရွေးကောက်ပွဲကို ရွှေ့ဆိုင်း သွားနိုင်သည့် အခြေအနေတစ်ရပ်ကို ပေါ်ထွက်လာစေခဲ့သည်။
စနေနေ့က လူထုစုဝေးလှည့်လည်ခဲ့မှုတွင် ကျောင်းသားများသည် လူအုပ်ထဲတွင် နေရာယူခဲ့ကြသည်။ ရွေးကောက်ပွဲကို ယခင်စီစဉ်ထားခဲ့သည့်အတိုင်း ကျင်းပပေးရန် တောင်းဆိုခဲ့ကြသည်။
ထို့နောက် ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူများသည် စစ်အုပ်ချုပ်ရေး အလိုမရှိဟူ၍ ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အသက် ၃၅ နှစ်ရှိ အမျိုးသမီးတစ်ဦးသည် တပ်မတော်က အာဏာစွဲကိုင်ခဲ့သည်မှာ အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်းနှင့် ဒီမိုကရေစီအစိုးရသစ်တစ်ရပ် တက်လာရန် မြင်တွေ့လိုကြောင်း ပြောကြားခဲ့သည်။
အာဏာလွှဲပြောင်းပေးရန် နှောင့်နှေးကြန့်ကြာအောင် လုပ်ဆောင်နေသည်ဟု ဆိုကာ တပ်မတော်ကို နိုင်ငံရေး ပါတီများနှင့် ဒေသမီဒီယာများက အပြစ်တင်ဝေဖန်ခဲ့ ကြသည်။
Myanmaalin
အင်န်အိတ်ခ်ျကေ