တူရကီစစ်တပ်နှင့် ကာ့ဒ်ပြောက်ကျားများ တိုက်ခိုက်နေမှုတွင် အမေရိကန်တပ်များ ကြားညပ်ဖွယ်ရှိနေ

တူရကီ စစ်တပ်နှင့် ကာ့ဒ်ပြောက်ကျားများ၏ တိုက်ပွဲအတွင်း အမေရိကန် တပ်ဖွဲ့ဝင်များ ကြားညပ်မည့် အခြေအနေ ကြုံနေရကြောင်း အမေရိကန် စစ်ဘက်က အတည်ပြု ပြောကြားခဲ့သည်။

ဆီးရီးယား မြောက်ပိုင်းတွင် ယခုသီတင်းပတ် အစောပိုင်းမှစ၍ တူရကီ ခြေလျင်တပ်များ ဝင်ရောက်လာပြီး ကာ့ဒ်ပြောက်ကျားတပ်ဖွဲ့ YPGကို စစ်ခင်း တိုက်ခိုက်လျက် ရှိသည်။ တူရကီ တပ်များက ဆီးရီးယားပိုင် မန်ဘစ်ဂ်ျမြို့ထိ ချီတက်သွားမည်ဟု ကြေညာထားပြီး ထိုမြို့တွင် အမေရိကန်စစ်သည် ရာဂဏန်းမျှ တပ်စွဲထားသည်။

အမေရိကန် စစ်သည်များသည် YPG အပါအဝင် ဒေသခံ ပြည်သူစစ် အဖွဲ့များက အိုင်အက်စ် အကြမ်းဖက် စစ်သွေးကြွများကို ချေမှုန်း တိုက်ခိုက်ရာတွင် ကူညီနေခြင်း ဖြစ်သည်။ ဆီးရီးယား မြောက်ပိုင်း အခြေအနေမှာ ရှုပ်ထွေးနေပြီး မန်ဘစ်ဂ်ျရှိ အမေရိကန် တပ်များကို ထိခိုက်လာနိုင်ခြေ ရှိနေသည်။

တူရကီ အစိုးရကမူ အမေရိကန် အနေဖြင့် YPGတို့အပေါ် ထောက်ခံကူညီမှု ရပ်တန့်ရန် တောင်းဆိုထားပြီး သို့မဟုတ်ပါက နှစ်နိုင်ငံ ဆက်ဆံရေးအပေါ် ထိခိုက်လာနိုင်ကြောင်း ခြိမ်းခြောက် သတိပေးထားသည်။

လတ်တလောတွင် မန်ဘစ်ဂ်ျရှိ အမေရိကန် တပ်များ၏ အနေအထားအပေါ် မဆုံးဖြတ်သေးဘဲ မြေပြင် အခြေအနေကို စောင့်ကြည့်နေဆဲဟု ပင်တဂွန် စစ်ဌာနချုပ်မှ ဗိုလ်ချုပ် ကင်းနက်သ်ဖရန့်ခ် မက်ကင်ဇီက မှတ်ချက်ပေးခဲ့သည်။ “သူတို့ နေရာရွှေ့ချင်ရွှေ့မယ်၊ အဲဒီမှာ ဆက်ရှိချင်ရင်လည်း ရှိမယ်။ လောလောဆယ်တော့ ဘယ်လို ဖြစ်မလဲဆိုတာ မဆုံးဖြတ်သေးပါဘူး”ဟု ၎င်းက ဆိုသည်။

ထိုအတောအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်နှင့် တူရကီ သမ္မတ ရီဆက်ပ်တေယစ်ဒ် အာဒိုဂန်တို့သည်လည်း အပြန်အလှန် ဖုန်းဆက်သွယ် ဆွေးနွေးမှုများ ရှိနေခဲ့သည်။ သို့သော် ယင်းနှင့် ပတ်သက်ပြီး တူရကီနှင့် အမေရိကန် အာဏာပိုင်များက ထုတ်ပြန်သည့် သဘောတရားများမှာ ကွဲလွဲလျက် ရှိနေသည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ နှစ်ဦးကမူ အမေရိကန် စစ်တပ်များသည် မန်ဘစ်ဂ်ျတွင် လုံခြုံရေး ကင်းလှည့်မှု လုပ်ငန်းစဉ်များကို ပုံမှန်အတိုင်း ဆက်လက် ဆောင်ရွက်နေမည်ဟု ဆိုသည်။  ဆီးရီးယား ပိုင်နက်တွင် တူရကီကို လိုလားသည့် ဒေသခံ ပြည်သူ့စစ်အဖွဲ့များက အမေရိကန် ကင်းလှည့်ယာဉ်တန်းများကို ပစ်ခတ်လေ့ရှိကြောင်း၊ အမေရိကန် စစ်တပ်ကလည်း မိမိကိုယ်ကို ကာကွယ်သည့် အနေဖြင့် အဆိုပါ ဆီးရီးယားသူပုန် အုပ်စုများကို တုံ့ပြန် တိုက်ခိုက်လေ့ရှိကြောင်း ၎င်းအရာရှိများက ပြောကြားခဲ့သည်။

Ref: CNN