သမ္မတသက်တမ်း ထပ်မံတိုးမြှင့်ပါက သူ့ကိုပစ်သတ်ရန် ဒူတာတေး အမိန့်ပေး

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက နောက်ထပ်သမ္မတသက်တမ်း ထပ်မံတိုးမြှင့်မယ်ဆိုရင် သူ့ကိုပစ်သတ်လိုက်ဖို့ စစ်တပ်နဲ့ ရဲတွေကို ညွှန်ကြားခဲ့တယ်လို့ Asia Correspondent သတင်းမှာ ဇန်နဝါရီ ၂၃ ရက်နေ့က ဖော်ပြပါတယ်။

“ကျုပ်ရဲ့ သမ္မတသက်တမ်း ကာလအတွင်းမှာပဲ ထိန်းချုပ်မရဖြစ်လာမယ်၊ အာဏာရှင်တယောက် ဖြစ်လာခဲ့မယ် ဆိုရင် ခင်ဗျားတို့ ကျုပ်ကို ပစ်သတ်လိုက်ပါ” လို့ သူက ပြောလိုက်တာပါ။

ဒါဟာ သူ အာဏာရှင်အဖြစ် ဆက်လက်တည်ရှိနေမယ်ဆိုတာကို ပယ်ဖျက်ဖို့အတွက် ကြေညာချက် ထုတ်ပြန် လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒူတာတေးဟာ လာမယ့် ၂၀၂၂ ခုနှစ်လွန်ကာလအထိ သမ္မတအဖြစ် အာဏာကို ဆက်ပြီး စွဲကိုင်နိုင်ဖို့အတွက် ဖက်ဒရယ်စနစ်ကို စတင်ကျင့်သုံးဖို့ အခြေခံဥပဒေ ပြောင်းလဲပြင်ဆင်ရေး လွှတ်တော်ထဲက သူ့လူတွေကို အမိန့်ပေး စေခိုင်းမှုတွေ လုပ်နေတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာပြီးနောက်မှာ အခုလို ထုတ်ဖော် ပြောဆိုလိုက်တာပါ။

ဒူတာတေးဟာ တန်းတူညီမျှမှု မရှိတာတွေကို ကိုင်တွယ်ဖြေရှင်းဖို့၊ ပြည်နယ်တွေကို လုပ်ပိုင်ခွင့်အာဏာ ပေးအပ်နိုင်ဖို့နဲ့ ကွဲပြားခြားနားတဲ့ ဖွဲ့စည်းပုံတွေကို အသိအမှတ်ပြုနိုင်စေဖို့ ဖက်ဒရယ်စနစ်ကို အားပေး ထောက်ခံသူတဦး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အောက်လွှတ်တော်အမတ်တွေက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြန်လည် သုံးသပ်နိုင်ဖို့အတွက် လွှတ်တော်အစည်းအဝေး ခေါ်ယူဖို့ မဲခွဲဆုံးဖြတ်ခဲ့ကြတာဖြစ်ပြီး ဒါဟာ လွှတ်တော် အမတ်တွေက သူတို့ရဲ့ ရာထူးတည်မြဲရေးနဲ့ ဒူတာတေးရဲ့ သမ္မတသက်တမ်း တိုးမြှင့်နိုင်စေဖို့ ဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောနေကြတာပါ။

ဒါပေမယ့် ဒူတာတေးရဲ့ ပြောရေးဆိုခွင့်ရသူ ဟယ်ရီရော့ကွဲက သမ္မတဟာ သူ့ရဲ့သက်တမ်းကို ထပ်မံ တိုးမြှင့်ချင်တဲ့စိတ် မရှိဘူးလို့ ပြောလိုက်ပြီး တာဝန်ကနေ စောစောအနားယူနိုင်တယ်လို့ ပြောလိုက်ပါတယ်။

(DVB)