ရုရှားနိုင်ငံက ရွေးကောက်ပွဲ မဲဆွယ်ရေးဌာနကို ရဲတပ်ဖွဲ့ ဝင်ရောက်ရှာဖွေ

Photo: Vladimir Putin – twitter

 

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ အတိုက်အခံခေါင်းဆောင် အလက်ဇီ လာဗယ်နီ ရဲ့ ရွေးကောက်ပွဲ မဲဆွယ်ရေး ဌာနကို ရဲတပ်ဖွဲ့က မနေ့က ၀င်ရောက်ရှာဖွေခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင် စိန့်ပီတာစဘတ်မြို့ကို ရောက်ရှိတဲ့နေ့မှာ အခုလို ရှာဖွေခဲ့တာဖြစ်ပါတယ်။
အတိုက်အခံခေါင်းဆောင် အလက်ဇီ ကို ထောက်ခံသူတွေက ရဲတပ်ဖွဲ့ ၀င်ရောက်ရှာဖွေနေပုံကို အင်တာနက်ပေါ် တိုက်ရိုက်တင်ခဲ့ကြရာမှာ အလက်ဇီ အတွက် မဲဆွယ်စည်းရုံးရေး ဆောင်ရွက်နေသူတွေရဲ့ နိုင်ငံကူးလက်မှတ်တွေကို ရဲက စစ်ဆေးနေတာတွေ တွေ့မြင်ရပါတယ်။ အလက်ဇီ ကို ရွေးကောက်ပွဲ ကော်မရှင်က လိမ်လည်မှုနဲ့ စွပ်စွဲပြီး ရွေးကောက်ပွဲဝင်ခွင့် ငြင်းပယ်ထားတာပါ။

သမ္မတပူတင်ဟာ လာမယ့် ၂၀၁၈ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလအနေနဲ့ ထပ်မံ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ကြေညာခဲ့ပါတယ်။

အဲဒီလို ၀င်ရောက်ယှဉ်ပြိုင်ဖို့ လူထုထောက်ခံချက်လက်မှတ် အနည်းဆုံး ၃ သိန်းလိုအပ်ပါတယ်။ လောလောဆယ် လက်မှတ် ၄ သိန်းကျော် ရရှိထားပြီလို့ ပူတင်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့က ပြောပါတယ်။

-Ref; RFA