ဘရာဇီးလ်တွင် ခရီးသွားလာရေးစရိတ် မြင့်တက်မှုကြောင့် လူထု ဆန္ဒပြ

ဘရာဇီးလ်နိုင်ငံ ဆောင်ပေါ်လိုမြို့မှာ ခရီးသွားလာရေးစရိတ်တွေ ရုတ်တရက် မြင့်တက်သွားတဲ့အတွက် ဇန်န၀ါရီ ၁၇ ရက်က လူထု လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ဘဏ်တခုကို တိုက်ခိုက်တာနဲ့ ဘတ်စ်ကားလမ်းကို ပိတ်တာတွေ လုပ်ခဲ့ကြပါတယ်။

တိုင်းပြည်စီးပွားရေး နိမ့်ကျနေချိန်မှာ ဆောင်ပေါ်လို အာဏာပိုင်တွေက အများသုံးပို့ဆောင်ရေး ယာဉ်စီးခတွေကို အမေရိကန်ဒေါ်လာ ၂ ဒေါ်လာကျော်အထိ မြှင့်တင်လိုက်ပြီးတဲ့နောက် အခုလို ဆန္ဒပြမှုတွေဖြစ်လာတာပါ။

ရဲတွေက ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့သလို ဖမ်းဆီးမှုတချို့လည်း ရှိခဲ့ပါတယ်။ ချီတက်ဆန္ဒပြပွဲမှာ ကျောင်းသား တော်တော်များများ ပါဝင်ခဲ့ပါတယ်။

လူဦးရေ ၁၂ သန်းကျော်ရှိတဲ့ ဆောင်ပေါ်လိုမြို့မှာ မြို့ထဲသွားလာမှု အခမဲ့ဖြစ်ရေး တောင်းဆိုခဲ့ကြပါတယ်။

“ခရီး စရိတ်မြှင့်တာကိုပဲ ကျနော်တို့ ဆန္ဒပြတာ မဟုတ်ပါဘူး။ လမ်းကြပ်တဲ့ ဆောင်ပေါ်လိုမြို့ထဲကို အခမဲ့ သွားနိုင်မယ့် စနစ်တခုရှိလာဖို့လည်း ရည်ရွယ်ပါတယ်။ သွားလာဖို့ခက်တဲ့ ကျောင်းသားတွေအတွက် အခမဲ့ သုံးနိုင်ဖို့ အဓိကရည်ရွယ်ပါတယ်” လို့ ဆန္ဒပြသူတဦးက ပြောပြသွားပါတယ်။

(DVB)