ရှန်ဟိုင်းကမ်းလွန်တွင် ပျောက်ဆုံးနေသည့် သင်္ဘောသား ၃၂ ဦးအတွက် ကယ်ဆယ်ရေး လုပ်ငန်းများ အရှိန်မြှင့်

ရှန်ဟိုင်း ကမ်းလွန်တွင် သင်္ဘောချင်း တိုက်မိရာမှ ပျောက်ဆုံးနေသည့် ဆီတင် သင်္ဘော အမှုထမ်း ၃၂ ဦးကို ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ အရှိန်မြှင့် ဆောင်ရွက်နေဆဲဟု သိရသည်။

ဇန်နဝါရီ ၇ ရက်က အီရန်မှ ရေနံများ တင်ဆောင်လာသော သင်္ဘောသည် အရှေ့တရုတ် ပင်လယ် ရေပြင်တွင် တရုတ်အလံ လွှင့်ထူထားသော သင်္ဘောတစ်စီးနှင့် တိုက်မိမှု ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် ရေနံတင် သင်္ဘောပေါ်မှ အမှုထမ်း ၃၂ ဦး ပျောက်ဆုံးလျက် ရှိသည်။

သင်္ဘောချင်း တိုက်မိပြီးနောက် Sanchi ရေနံတင် သင်္ဘောပေါ်တွင် မီးလောင်မှုများပါ ဖြစ်ပွားခဲ့ရာ မည်းနက်နေသော မီးခိုးလုံးကြီးများကို အဝေးမှပင် ထင်ရှားစွာ မြင်တွေ့နိုင်သည်။ သင်္ဘောပေါ်တွင် လျင်မြန်စွာ မီးကူးစက်ခဲ့ခြင်းနှင့် ဆိုးရွားသော ရာသီဥတု အခြေအနေတို့ကလည်း ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်မှုကို အနှောင့်အယှက် ကြီးမားစွာ ဖြစ်ပေါ်စေကြောင်း သိရသည်။

အီရန်၏ ထိပ်တန်း ရေနံ တင်ပို့မှု လုပ်ငန်းတစ်ခုက ပိုင်ဆိုင်သော Sanchiသည် ရှန်ဟိုင်း ကမ်းခြေအနီး ရေမိုင် ၁၆၀ မျှအကွာတွင် CF Crystal သင်္ဘောနှင့် တိုက်မိခဲ့ခြင်းဟု တရုတ် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

Sanchiကို ပနားမား နိုင်ငံတွင် မှတ်ပုံတင်ထားပြီး အခင်းဖြစ်ချိန်က (မသန့်စင်ရသေးသည့်)  သဘာဝ ရေနံ တန်ချိန် ၁၃၆၀၀၀ မျှကို တင်ဆောင်ကာ အီရန်မှ တောင်ကိုရီးယားသို့ ခုတ်မောင်းနေခဲ့ကြောင်း သိရသည်။ ယင်းကို ကမ္ဘာ့ရေနံ ပေါက်ဈေးဖြင့် တန်ဖိုး တွက်ချက်ပါက ဒေါ်လာ သန်း ၆၀ မျှ ရှိနိုင်မည် ဖြစ်သည်။

တရုတ် အစိုးရ သတင်းဌာန CCTVက ရေနံတင် သင်္ဘောတွင် မီးစွဲလောင်နေသည့် ဓာတ်ပုံများကို ထုတ်ပြခဲ့သည်။ ကယ်ဆယ်ရေး လုပ်ငန်းများတွင် ကူညီရန် တောင်ကိုရီးယားကလည်း သင်္ဘောတစ်စီးနှင့် ရဟတ်ယာဉ် တစ်စီးကို စေလွှတ်ထားသည်။

ပျောက်ဆုံးနေသည့် ရေယာဉ်အမှုထမ်း ၃၂ ဦးစလုံးအနက် ၃၀ မှာ အီရန် နိုင်ငံသားများ ဖြစ်ကြပြီး ကျန် ၂ ဦးမှာမူ ဘင်္ဂလားဒေ့ရှ်မှဟု တရုတ် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ရေနံတင် သင်္ဘောနှင့် တိုက်မိသည့် CF Crystal သင်္ဘောပေါ်တွင်မူ တရုတ်နိုင်ငံသား ၂၁ ဦး လိုက်ပါလာပြီး အားလုံးကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့သလို သင်္ဘောသည်လည်း ပြင်းထန်သော ထိခိုက်ပျက်စီးမှု မရှိခဲ့ဟု သိရှိရသည်။

Ref: CCTV