ပြုပြင်ပြောင်းလဲရေးဥပဒေကို ဆက်လက်ဆန္ဒပြရန် ပြင်သစ်မီးရထားအလုပ်သမားများ ဆုံးဖြတ်

13310609_1713832798857221_1916879914443831065_n

ပါရီ မေ ၃၁

ပြင်သစ်မီးရထားအလုပ်သမားများသည် အလုပ်သမား ပြုပြင်ပြောင်းလဲရေး ဥပဒေကို ဆက်လက်ကန့်ကွက်ရန် သမဂ္ဂက ဆုံးဖြတ်ခဲ့သည့်အတွက် ဆန္ဒပြပွဲတွင် ပါဝင် ဆင်နွှဲခဲ့ကြသည်။ လောင်စာဆီ ပြတ်တောက်မှုကြောင့် ဖရိုဖရဲ ဖြစ်နေသည့် ဆက်သွယ်ရေးစနစ်သည် ယခုကိစ္စကြောင့် ပို၍ လှုပ်ခတ်လာသည်။

ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်း က ၄င်းအနေဖြင့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို နောက်ပြန်ဆုတ်မည် မဟုတ်ကြောင်း ပြောသည်။ ယခုပြုပြင်ပြောင်းလဲရေး အလုပ်သမားဥပဒေမှာ အလုပ်သမားများကို ခန့်အပ်ရာတွင် လွယ်ကူသကဲ့သို့ ဖြုတ်ပစ်ရာတွင်လည်း လွယ်ကူသည်ဟု သိရသည်။ အိမ်နီးချင်း ဘယ်လ်ဂျီယံနိုင်ငံမှ ပြည်သူ့ ဝန်ထမ်းများမှာလည်း ဘတ်ဂျက်ဖြတ်တောက်မှုကြောင့် ကန့်ကွက်ဆန္ဒပြလျက် ရှိသည်။ နိုင်ငံ နှင့် တစ်ဝန်း ဆန္ဒပြပွဲများ၌ ရဲတပ်ဖွဲ့ဝင်များ၊ ကျောင်းဆရာများ၊ ပြည်သူ့ဝန်ထမ်းများသည် မီးရထားအလုပ်သမားများနှင့်အတူ ပူးပေါင်း ပါဝင်လျက် ရှိသည်။

အသုံးစရိတ် လျှော့ချမှုနှင့်အတူ အလုပ်ချိန်နာရီများ ပြောင်းလဲသတ်မှတ်ခြင်းနှင့် ပင်စင်ယူသည့် အသက်အရွယ် တိုးမြှင့်လိုက်ခြင်းအတွက် သမဂ္ဂက ကန့်ကွက်ဆန္ဒပြခြင်းဖြစ်သည်။ ပြင်သစ်နိုင်ငံ ၌ မီးရထားစနစ်အပြင် အခြားသော ဆက်သွယ်ရေးစနစ်များဖြစ်သည့် မြေအောက်ရထားစနစ်နှင့် လေကြောင်းလိုင်း ဆက်သွယ်ရေးတို့၌လည်း ဖရိုဖရဲဖြစ် လျက်ရှိသည်။

ယခုဖြစ်ပေါ်နေသည့် ဆန္ဒပြပွဲများကြောင့် တနင်္လာနေ့၌ ပြင်သစ်နိုင်ငံရှိ အဓိက ရေနံချက်စက်ရုံ ရှစ်ရုံအနက် ခြောက်ရုံမှာ ခေတ္တပိတ်ထားရခြင်းနှင့် တချို့မှာ စွမ်းအင် လျှော့ချထုတ်လုပ်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ပါရီမြို့ရှိ အဓိက လေဆိပ်ကို ထောက်ပံ့ပေးနေသော ရေနံစက်ရုံမှအလုပ်သမားများသည် ဗုဒ္ဓဟူးနေ့ မတိုင်မီ ၄င်းတို့ ကန့်ကွက် ဆန္ဒပြသည့်အနေဖြင့် ပြုလုပ်ထားသည့် ပိတ်ဆို့ထားမှုများကို ရပ်ဆိုင်းခြင်း မပြုရန် မဲပေးထားသည်။

(ဘီဘီစီ)


Leave a Reply