မိမိ၏ နျူကလီးယား လက်နက်ခလုတ်က ပိုကြီးကြောင်း ကင်မ်ဂျုံအန်းကို ထရမ့်တုံ့ပြန် လှောင်ပြောင်

မိမိ၏ နျူကလီးယားလက်နက် စက်ခလုတ်မှာ ကင်မ်ဂျုံအန်း ပိုင်ဆိုင်ထားသည့် ခလုတ်ထက် ပိုကြီးကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လှောင်ပြောင်လိုက်သည်။

နှစ်သစ်ကူး မိန့်ခွန်းတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်က အမေရိကန်ကို ရည်ရွယ်ကာ နျူကလီးယား ဒုံးကျည်များ ပစ်ခတ်နိုင်သော ခလုတ်သည် မိမိ၏ အလုပ်စားပွဲတွင် အချိန်တိုင်း ရှိနေကြောင်း ထည့်သွင်း ပြောကြားသွားခဲ့သည်။ ယင်းစကားနှင့် ပတ်သက်၍ ထရမ့်က Twitterမှတဆင့် တုံ့ပြန် လှောင်ပြောင်လိုက်ခြင်း ဖြစ်သည်။

ထရမ့်က “မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ သူ့စားပွဲပေါ်မှာ နျူကလီးယားခလုတ်က အမြဲတမ်း ရှိနေပါတယ်လို့ ပြောတယ်။ သူ့ရဲ့ မွဲတေပြီး ငတ်ပြတ်နေတဲ့ နိုင်ငံထဲက တစ်ယောက်ယောက်ကများ ပြောပေးနိုင်မလား။ ကျုပ်မှာလည်း နျူကလီးယားနဲ့ တိုက်ခိုက်နိုင်တဲ့ ခလုတ်မျိုး ပိုင်ဆိုင်ထားပါတယ် ဆိုတာကိုလေ။ ဒါပေမဲ့ ကျုပ်ရဲ့ ခလုတ်က ပိုကြီးတယ်။ ထိမိခိုက်မိရင် ပိုအားပြင်းတယ်။ ပြီးတော့ ကျုပ်ရဲ့ ခလုတ်က တကယ် သုံးလို့ရတယ်”ဟု Twitterပေါ်တွင် ရေးသားခဲ့သည်။

ထရမ့်သည် မြောက်ကိုရီးယား၏ ဒုံးကျည်များက အမေရိကန် ပိုင်နက်ထိ တိုက်ခိုက်နိုင်စွမ်း ရှိနိုင်သည်ဆိုသော ခန့်မှန်းချက်များကို အစဉ်တစိုက် ပယ်ချခဲ့သလို ယခုရေးသားမှုတွင်လည်း မြောက်ကိုရီးယား၏ နျူကလီးယား စွမ်းရည်မှာ ဟန်ပြမျှသာဆိုသည့် သဘောမျိုး ထည့်သွင်း လှောင်ပြောင်သွားခြင်း ဖြစ်သည်။

ကင်မ်၏ နှစ်သစ်ကူး မိန့်ခွန်းတွင် အမေရိကန်ကို ခြိမ်းခြောက်သည့် သဘောမျိုး ပြောဆိုသွားသော်လည်း တောင်ကိုရီးယားနှင့် ဆက်ဆံရေးကိုမူ ငြိမ်းချမ်းသော ဖြေရှင်းမှုမျိုးဖြင့် ချဉ်းကပ်လိုသည်ဟု ထည့်သွင်း အတည်ပြုသွားသည်။

ထရမ့်ကမူ ကင်မ်၏ လေသံ လျော့လာခြင်းမှာ သရုပ်မှန် ဟုတ်မဟုတ် ဝေခွဲရန်ခက်ကြောင်းနှင့် မြောက်ကိုရီးယား အပေါ် ပိတ်ဆို့အရေးယူမှုများ၊ အခြားသော ဖိအားများကြောင့်လည်း ဖြစ်နိုင်ကြောင်း Twitterပေါ်တွင် မှတ်ချက်ပေး ဝေဖန်သွားသည်။  Ref: CNN