အောင်သူ ပါဝင်မည့် Police Tero အသင်းပွဲများ MRTV-4 မှ တိုက်ရိုက်ပြသရန် စီစဉ်

Police Tero အသင်းတွင် လေ့ကျင့်မှုပြုလုပ်နေသည့် တိုက်စစ်မှူးအောင်သူ (ဓာတ်ပုံ − Police Tero FC FB)

မန်မာ့လက်ရွေးစင် အောင်သူပါဝင်မည့် ထိုင်းလိဂ်-၁ ကလပ် Police Tero အသင်း ပွဲစဉ်များကို MRTV-4 ရုပ်သံလိုင်းမှ တိုက်ရိုက်ပြသရန် စီစဉ်ထားကြောင်း အသင်းဒါရိုက်တာ ဆမ်ရမ်ပရာဆက်က ပြောကြားသည်။

မြန်မာလိဂ်ကလပ်ရတနာပုံ အသင်းတိုက်စစ်မှူး အောင်သူ သည် ၂၀၁၈ ဘောလုံးရာသီတွင် ထိုင်းလိဂ်-၁ ကလပ် Police Teroအသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သည်။

‘‘ဒီနှစ်ထိုင်းလိဂ်က အာဆီယံကစားသမားတစ်ဦးခေါ်ယူခွင့် စည်းမျဉ်းပြောင်းလိုက်တဲ့အတွက် အောင်သူ့ကို ခေါ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ထိုင်းနဲ့ မြန်မာကလည်း အစကတည်းက ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။ မြန်မာ နိုင်ငံသား အများစုကလည်း ထိုင်းမှာ လာအလုပ်လုပ်နေကြပါတယ်။ ဒါ့ကြောင့်လည်း မြန်မာပရိသတ်တွေ ကြည့်ခွင့် ရဖို့အတွက် MRTV-4 မှာပြသဖို့ စီစဉ်ဖြစ်တာပါ။ ဒါကလည်း ဈေးကွက်အသစ်တစ်ခု စတင်ခြင်းပါပဲ’’ဟု ဆမ်ရမ်ပရာ ဆက်က ဆိုသည်။

Police Tero အသင်းပူးတွဲပိုင်ရှင် ဘရိုင်ယန်မာကာသည် MRTV-4 မီဒီယာနှင့် စီးပွားရေး မိတ်ဖက်တစ်ဦးအဖြစ် ပါဝင်ကြောင်း MRTV-4 တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

‘‘MRTV-4 က Police Tero က မြန်မာသူဌေးနဲ့အစကတည်း က မိတ်ဖက်ရှိတယ်။ တချို့ပရို ဂရမ်တွေဆိုရင် ထိုင်းက လူတွေ လာကူညီပေးတာမျိုး လုပ်ပေးတယ်။ ဒီတော့ အောင်သူပါတဲ့ Police Tero အသင်း ပွဲတွေပြမယ် ဆိုတာ ဖြစ်နိုင်ပါတယ်။ သူဌေးချင်းညှိတာဆိုတော့ ကျွန်တော်တို့ သေချာတော့ မသိရသေးပါဘူး’’ ဟု MRTV-4 တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုင်းဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့်၂၀၁၈ရာသီထိုင်းလိဂ်-၁ ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၉ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ၁၈ သင်းယှဉ်ပြိုင်မည်ဖြစ်သည်။ Police Tero (ယခင် BEC တယ်ရိုဆက်စနာ) အသင်းသည် ထိုင်းလိဂ်-၁ ပြိုင်ပွဲ တစ်လျှောက် ၂၀၀၀၊ ၂၀၀၁-၂၀၀၂ တို့တွင် ချန်ပီယံဆုဆွတ်ခူးခဲ့ပြီး ၂၀၀၃ ၌ အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင်  ဒုတိယရခဲ့သည်။  (7days)