အွန်လိုင်းမှ စတော့ရှယ်ယာ ဝယ်ရောင်းလုပ်နိုင်ပြီ

ရန်ကုန်စတော့အိတ်ချိန်း ဖွင့်လှစ်ပြီး ၂၂ လအကြာတွင် အွန်လိုင်းမှ တိုက်ရိုက်ရှယ်ယာ ရောင်းဝယ်ခြင်းကို ချေးငွေသက် သေခံလက်မှတ်လုပ်ငန်းကြီးကြပ် ရေးကော်မရှင်က ဒီဇင်ဘာ ၂၇ ရက်၌ ခွင့်ပြုခဲ့သည်။

အဆိုပါစနစ်ကို ချေးငွေ သက်သေခံလက်မှတ်လုပ်ငန်း ကုမ္ပဏီ (Securities) လေးခုဖြင့် စတင်ခြင်းဖြစ်ပြီး စတော့ရှယ်ယာ ဈေးကွက် ပိုမိုကျယ်ပြန့်လာရန်  ရည်ရွယ်ကာယခုကဲ့သို့ ခွင့်ပြုခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မရှင် အဖွဲ့ဝင် ဦးဌေးချွန်ကပြောကြားသည်။  ‘‘အွန်လိုင်းနဲ့ဆိုရင် စမတ်ဖုန်းရှိရုံနဲ့ တစ်နိုင်ငံလုံးက လူတွေ စတော့ရှယ်ယာ ဝယ်ရောင်းလုပ်နိုင်ပါပြီ။ ဈေးကွက် ကျယ်ပြန့် လာမယ်။ ဈေးကွက်အရောင်းအဝယ် တက်လာ မယ်လို့ မျှော်လင့်ရပါ တယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အွန်လိုင်းရှယ်ယာရောင်း ဝယ်ခြင်းကို ခွင့်ပြုခြင်းကြောင့် ရှယ်ယာ ဝယ်လိုသူများသည် Securities ကုမ္ပဏီများ တွင် Trading ဘဏ်စာရင်းဖွင့်ရုံဖြင့် ရှယ်ယာများကို အွန်လိုင်းမှ တိုက်ရိုက် ဝယ်ယူနိုင်မည်ဖြစ်သည်။ လက်ရှိတွင် စတော့အိတ်ချိန်း၌ ရှယ်ယာဝယ်ရောင်းလုပ်သူများ သည် Securities ကုမ္ပဏီများထံသို့ သွားကာ တိုက်ရိုက်အရောင်းအဝယ်လုပ်နေရခြင်းဖြစ်သည်။  ဒီဇင်ဘာ ၂၇ ရက်တွင် အွန်လိုင်းရှယ်ယာ အရောင်းအဝယ် ကို Securities ကုမ္ပဏီလေးခုသို့ စတင်ခွင့်ပြုခဲ့ပြီး ကျန်နှစ်ခုသည် အွန်လိုင်းလုပ်ငန်းစဉ် အတွက် လိုအပ်သေး၍ ခွင့်မပြုသေးကြောင်း ဦးဌေးချွန်က ပြောသည်။

ရန်ကုန်စတော့ အိတ်ချိန်းတွင် အများပိုင်ကုမ္ပဏီလေးခု၏ ရှယ်ယာများကို ချေးငွေသက်သေခံ လက်မှတ် လုပ်ငန်း ကုမ္ပဏီ (Securities) ခြောက်ခုက အရောင်း အဝယ်ပြုလုပ်ပေးနေသည်။ မကြာမီ TMH အများပိုင် ကုမ္ပဏီ တစ်ခုကလည်း စာရင်းဝင်ကုမ္ပဏီအဖြစ် ထပ်မံဝင်ရောက် လာမည်ဖြစ်သည်။  ရန်ကုန်စတော့ အိတ်ချိန်းကို ၂၀၁၅ ဒီဇင်ဘာတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၆ မတ်လ၌ FMI ကုမ္ပဏီဖြင့် ရှယ်ယာ အရောင်းအဝယ် စတင်ခြင်းဖြစ်သည်။