မြန်မာ့ရိုးရာလက်ဝှေ့ရွှေခါးပတ်ချန်ပီယံ ပြိုင်ပွဲတွင် ၅၆ ဦး ပါဝင်ယှဉ်ပြိုင်မည်

အဋ္ဌမအကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ ရွှေခါးပတ် ချန်ပီယံပြိုင်ပွဲတွင် လက်ဝှေ့က လပ် ၂၀ မှ ကစားသမား ၅၆ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ ကျင်းပမည့် အဆိုပါပြိုင်ပွဲတွင် ၀ိတ်တန်းခုနစ်တန်း ထည့်သွင်း ကျင်းပမည်ဖြစ်ပြီး ဇွန်လ ၂၅  နှင့်၂၆ ရက်တို့၌ ကွာတားဖိုင်နယ် အဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲကို အမှတ်ပေးစနစ်ဖြင့် ယှဉ်ပြိုင်မည် ဖြစ်ပြီး သရေပွဲမရှိဘဲ ငါးချီအထိ အလဲထိုးနိုင်ခြင်း မရှိပါက အမှတ်ဖြင့် အနိုင်၊ အရှုံး ဆုံးဖြတ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

‘‘ရွှေခါးပတ်လုပွဲမှာ သရေပွဲ မရှိပါဘူး။ ငါးချီအထိ အလဲမထိုး နိုင်ဘူးဆိုရင် ဒိုင်တွေရဲ့ အမှတ်နဲ့ ဆုံးဖြတ်မှာပါ။ ထိုးချက်များများ ထိုးပြီး ပိုထိအောင် ထိုးနိုင်တဲ့သူ က အမှတ်ပိုရမှာပါ။ ဒီပြိုင်ပွဲမှာ အရင်က စိန်ခေါ်ပွဲတွေလို အနားတောင်းခွင့် မပါဘူး’’ဟု ကြိုးဝိုင်း ဒိုင်ဥက္ကဋ္ဌ ဦးဒေါင်းနီက ပြော ကြားခဲ့သည်။

ဇူလိုင် ၃ ရက်တွင် အကြို ဗိုလ်လုပွဲအဆင့်ပွဲများ ယှဉ်ပြိုင်မည်ဖြစ်ပြီး ဇူလိုင် ၁၀ ရက်တွင် ဗိုလ်လုပွဲများ ကျင်းပမည် ဖြစ်သည်။ ဗိုလ်လုပွဲများတွင် ပွဲစဉ် ခုနစ်ပွဲပါဝင်မည်ဖြစ်ပြီး ပြိုင်ပွဲ တစ်လျှောက် ကျင်းပသည့်ရက်များ၌ ပြည်တွင်း လက်ဝှေ့သမားများနှင့် နိုင်ငံခြားသားလက်ဝှေ့သမားတို့ ယှဉ်ပြိုင်မည့်ပွဲစဉ်တစ်ပွဲကို ထည့်သွင်းကျင်းပရန် စီစဉ်ထားကြောင်း ပွဲစီစဉ်သူ ဦးစိုင်းဇော်ဇော်က ပြောသည်။

 ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲ တွင် ပြည်တွင်းနာမည်ကျော် လက်ဝှေ့သမားများဖြစ်သည့် သွေးသစ်အောင်၊ ကြယ်စင်ဖြိုး၊ ရဲတံခွန်၊ ကြယ်လင်းအောင်၊ ဒေါနအောင်၊ ရှမ်းကို၊ သွေးသစ်ဝင်းလှိုင် အစရှိသည့် လက်ဝှေ့သမားအပြင် အခြားနာမည်ကြီး လက်ဝှေ့သမားများ ပါဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထို့အပြင် ၂၀၁၅ တွင် ကျင်းပခဲ့သည့် ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲတွင် ရွှေခါးပတ်ရရှိထားသည့် ချန်ပီယံများ ပြန်လည် ပါဝင်လာမည်ဖြစ်ကြောင်း ဦးစိုင်းဇော်ဇော် က ပြောသည်။

 ပြိုင်ပွဲဆုကြေးများအဖြစ် ၅၁ နှင့် ၅၄ ကီလိုတန်းတွင် ရွှေ ခါးပတ်ရရှိပါက ဆုကြေး ကျပ် ၁၀ သိန်း၊ ၅၇၊ ၆၀၊ ၆၃ ဒသမ ၅ ကီလိုတန်းများတွင် ရွှေခါးပတ် ရရှိပါက ဆုကြေးကျပ် ၁၅ သိန်းနှင့် ၆၇ ကီလိုနှင့် ၇၁ ကီလိုတန်းများတွင် ရွှေခါးပတ် ရရှိပါက ဆုကြေး ကျပ်သိန်း ၂၀ ရရှိမည်ဖြစ်သည်။

(7 Daydaily)


Leave a Reply