ပုဗ္ဗသီရိပြည်ခိုင်ဖြိုးမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင် ကျောင်းသားများအား ဂုဏ်ပြု

နေပြည်တော် နိုဝင်ဘာ ၈

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပုဗ္ဗသီရိ ပြည်ခိုင်ဖြိုးပါတီရုံး အစည်း အဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဂုဏ်ပြုဆုပေးပွဲအခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီနာယက ဦးခင်မောင်ဌေး၊ ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဌေးဝင်းနှင့် ပါတီကော်မတီဝင် များ၊ နေပြည်တော်ခရိုင် ပါတီနယ်မြေ တာဝန်ခံ ဦးတင်ဆန်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ပုဗ္ဗသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်ကြိုင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ ရပ်/ကျေးစည်းရုံးရေးမှူးများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသား မိဘများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း ၁ဝဝ ခန့် တက်ရောက်ခဲ့ကြသည်။

ဆုပေးပွဲအခမ်းအနားကို အစီအစဉ်ခုနစ်ရပ်ဖြင့် ကျင်းပပြီး နိုင်ငံတော်သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်၍ ပြည်ထောင်စုနယ်မြေ ပါတီအတွင်းရေးမှူး ဦးဌေးဝင်းက ပါတီဝင်စည်းရုံးရေးမှူးများ၏သားသမီးများ၊ ညီအစ်ကို မောင်နှမများဖြစ်သော တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင် ကျောင်သား/ကျောင်းသူများအား ယခုကဲ့သို့ ဂုဏ်ပြုဆု ချီးမြှင့်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နောင်ဖြေဆိုကြမည့် ကျောင်း သားကျောင်းသူများ အတုယူအားကျလေးစား၍ ကိုယ်ရောစိတ်ပါဖြင့် စာမေးပွဲဖြေဆို အောင်မြင်ကြ စေရန်နှင့် ကျောင်းသားမိဘများ ကလည်းသာဓကပြ၍ နောင်မျိုးဆက် ကျောင်းသားလူငယ်များအား လမ်းညွှန် အတုယူစေရန်အတွက် စာကြိုးစားသူများအား ယခုကဲ့သို့ အမြဲတမ်းဂုဏ်ပြုဆု ချီးမြှင့်ပွဲများ ပြုလုပ်ပေးလေ့ရှိ ကြောင်း၊ လက်ဆင့်ကမ်း လမ်းပြပေးနိုင်ရန်အတွက်ဖြစ်ကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့ သည်။

ထို့နောက် သုံးဘာသာဂုဏ် ထူးရကျောင်းသူ မလှိုင်ယမင်းဝေ၊ နှစ်ဘာသာဂုဏ်ထူးရ မောင်သက်နိုင်စိုး၊ မသဲသဲစိုးတို့အပါအဝင် ဂုဏ်ထူးရ ကျောင်းသားကျောင်းသူ ၁၉ ဦးတို့အား ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုး ပါတီနာယက ဦးခင်မောင်ဌေးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဂုဏ်ထူးရ ကျောင်းသားကျောင်းသူ များကိုယ်စား မစိုးမြတ်ရတနာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများနှင့်ဆုရ ကျောင်းသား ကျောင်းသူများစုပေါင်း၍ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ များရိုက်ကူးခဲ့ ကြောင်း သိရသည်။