အစိုးရ နှင့် DPN ဆွေးနွေးမှုတွင် တပ်ပိုင်းဆိုင်ရာနေရာ ချထားရေးအပါအ၀င် အဆိုပြုချက်အများစု သဘောတူညီမှု ရရှိ

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)မှ ဖွဲ့စည်းထားသည့် နိုင်ငံရေး ဆိုင်ရာညှိနှိုင်း ဆွေးနွေးရေး အဖွဲ့(DPN) နှင့် ငြိမ်းချမ်းရေး ကော်မရှင်(PC) တို့၏ ဆွေးနွေးမှုတွင် အချက်အများစု သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

နိုင်ငံရေးဆိုင်ရာညှိနှိုင်း ဆွေးနွေးရေးအဖွဲ့(DPN) နှင့် ငြိမ်းချမ်းရေးကော်မရှင်(PC) တို့၏ (၈) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ NRPC ရုံးတွင် ယနေ့ ပြုလုပ်နေသည်။ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့(DPN) ဘက်မှ အစိုးရထံ အဆိုပြုထားသည့် အချက် ၈ ချက်အနက် အချက်နံပါတ် ၃ မှ ၈ အထိ သဘောတူညီမှု ရရှိခဲ့သည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) မှ ယနေ့ဆွေးနွေးမှုအပြီး ထုတ်ပြန်ကြေညာခဲ့သည်။

 ယင်းသဘောတူညီမှုရရှိခဲ့သည့်အချက်များသည် တပ်ပိုင်းဆိုင်ရာနေရာချထားရေးကိစ္စရပ်များ ၊ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ တစ်ရပ်ကို   နှစ်ဖက်သဘောတူသည့် နိုင်ငံတကာက အစိုးရ ကိုယ်စား လှယ်များနဲ့ ဖွဲ့စည်းသွားရန်၊ NCA စာချုပ်တွင် ပါဝင်သည့်အချက်များကို ဖောက်ဖျက်ကျူးလွန်ပါက စောင့်ကြည့်ရန်အတွက် ဖြန်ဖြေရေး ကော်မရှင် ဖွဲ့စည်းပေးရန် ၊ အပစ်ရပ်ဒေသများတွင် ပြုလုပ်သည့် စီမံကိန်းများနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူများ၊ သက်ဆိုင်ရာတိုင်းရင်းသား လက်နက်ကိုင်များနဲ့ ညှိနှိုင်း ဆောင်ရွက်ရန် စသည့်အချက်များ ပါဝင်သည်။

 ဆွေးနွေးမှုနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် မဇ္ဈိမမှ DPN အဖွဲ့ဝင် ဦးထွန်းဇော်ကို ဆက်သွယ်မေးမြန်းခဲ့ သော်လည်း “မနက်ဖြန် အားလုံးဆွေးနွေးပြီးမှပဲ ကျွန်တော်တို့ပြောနိုင်မယ်ဗျ၊ ဒီနေ့အတွက်က ဆွေးနွေးမှု မပြီးပြတ်တော့ ပြောရခက်ပါတယ်” ဟု ပြန်လည်ဖြေဆိုသည်။

ပြီးပြတ်မှုမရှိသေးသည့် အဆိုပြုချက် (၁) နှင့် (၂) အား ငြိမ်းချမ်းရေးကော်မရှင်ဘက်မှပြန်လည်ပြင်ဆင်ရန် လိုလားနေခြင်းကြောင်း မနက်ဖြန်တွင်ဆက်လက်ဆွေးနွေးမည်ဟု UNFC ဘက်မှ ထုတ်ပြန်ထားသည်။ အစိုးရဘက်မှ ပြန်လည်ပြင်ဆင်လိုလားသည့် အဆိုပြုချက် (၁) နှင့် (၂) သည်   အစိုးရနှင့် တပ်မတော်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ၂၄ နာရီအတွင်း ကြေညာပေးရန်နှင့် အမျိုးသားတန်းတူရေး ကိုယ်ပိုင် ပြဌာန်းခွင့်နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံကို တည်ဆောက်သွားရန် ဆိုသည့် အချက်ဖြစ်သည်။

 ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) နှင့် အစိုးရ တွေ့ဆုံဆွေးနွေးမှုသည် (၈)ကြိမ်မြောက်ဖြစ်သလို အချိန်ကာလအားဖြင့် ၁၅ လကြာ ဆွေးနွေးလာခဲ့ခြင်းလည်းဖြစ်သည်။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)တွင် မွန်ပြည်သစ် ပါတီ(NMSP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ ရခိုင်အမျိုးသားကောင်စီ(ANC) ၊ လားဟူဒီမိုကရက်တစ်အဖွဲ့အစည်း(LDU)  တို့ ပါဝင်သည်။