ကိုရီးယား ကျွန်းဆွယ်အနီး၌ အမေရိကန် B-2 ဗုံးကြဲလေယာဉ်တစ်စီး ပျံသန်း

သမ္မတ ဒေါ်နယ်လ်ထရမ့်၏ တောင်ကိုရီးယား ခရီးစဉ် မတိုင်မီတွင် အမေရိကန်က B-2 မဟာဗျူဟာ ဗုံးကြဲ လေယာဉ်ကြီး တစ်စီးကို ကိုရီးယား ကျွန်းဆွယ်အနီး၌ ပျံသန်းစေခဲ့သည်။

အဆိုပါ လုပ်ရပ်သည် နျူကလီးယား လက်နက်နှင့် ဒုံးကျည်နည်းပညာများ အရှိန်မြှင့် တီထွင်နေသည့် မြောက်ကိုရီးယားကို တိုက်ရိုက်ကျကျ သတိပေး ခြိမ်းခြောက်သည့် သဘောလည်း ဆောင်သည်။ အောက်တိုဘာ ၃၀ က ကိုရီးယား ကျွန်းဆွယ်အနီး ပျံသန်းခဲ့သည့် B-2သည် နျူကလီးယားဗုံးများ ကြဲချပြီး တိုက်ပွဲဝင်ရန် အသင့်အနေအထားမျိုး ပြင်ဆင်ထားကြောင်း သိရသည်။

အမေရိကန် စစ်ဘက်ကမူ B-2တစ်စီးကို ကိုရီးယားကျွန်းဆွယ်သို့ စေလွှတ်ခြင်းသည် ဒေသခံ လေတပ်စခန်းများနှင့် ပိုမို အချိတ်အဆက် မိစေရန်၊ ကွဲပြားသည့် ပထဝီဝင် အနေအထားများတွင် စစ်ဆင်ရေး ဆောင်ရွက်နိုင်စွမ်း မြှင့်တင်ရန်၊ ကာကွယ်ရေး စွမ်းရည်ကို တည်တည်ငြိမ်ငြိမ် ထိန်းသိမ်းထားပြီး ဖြစ်နိုင်ခြေ အားလုံးအတွက် အဆင်သင့် ရှိစေရန် ရည်ရွယ်ချက်ဖြင့်ဟု ကြေညာခဲ့သည်။

B-2 ဗုံးကြဲလေယာဉ်ကြီးများသည် ခရီးတာ ဝေးကွာစွာ ဆက်တိုက်ပျံသန်းနိုင်သလို လေထဲတွင် ဆီဖြည့်နိုင်အောင် ဖန်တီးထားသည်။ အကယ်၍ မြောက်ကိုရီးယားကို အမေရိကန်က စစ်တိုက်ခဲ့မည် ဆိုပါက ထိပ်ဆုံးတန်း နေရာမှာ ရွေးချယ်ခံရမည့် စစ်လက်နက် တစ်မျိုးအဖြစ် သုတေသီများက ယူဆထားသည်။

ထရမ့်သည် နိုဝင်ဘာ ၅ ရက်တွင် တောင်ကိုရီးယား၊ ဂျပန် နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံပြီး မြောက်ကိုရီးယား ကြောင့် ဖြစ်ပေါ်နေသည့် ဒေသတွင်း တင်းမာမှုများနှင့် ပတ်သက်၍ ဆွေးနွေးသွားရန် ရှိနေသည်။

အမေရိကန် စစ်တပ်သည် ယခုလ အစောပိုင်းကလည်း ဂူအမ်ကျွန်းတွင် အခြေစိုက်သည့် B-1B ဗုံးကြဲ လေယာဉ်များကို စစ်ရေးလေ့ကျင့်မှု အစီအစဉ် အစိတ်အပိုင်း တစ်ရပ်အနေဖြင့် ကိုရီးယား ကျွန်းဆွယ်အနီးသို့ ချဉ်းကပ် ပျံသန်းကာ မြောက်ကိုရီးယားကို အင်အားပြခဲ့ကြောင်း သိရသည်။

Ref: Fox News