IT နည်းပညာသုံးစွဲမှုနှင့် ပတ်သက်၍ လွှတ်တော်တွင်ဆွေးနွေးမည်

IT နည်းပညာသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့်ထိန်းကျောင်းနိုင်ဖို့နဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးသွားမယ်လို့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပရာကနေ သိရပါတယ်။ ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်က လူငယ်လူရွယ်များ အကျင့်စာရိတ္တပျက်ပြားစေခြင်း တို့ကြောင့် IT နည်းပညာ သုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့်ထိန်းကျောင်းနိုင်ရန်အတွက် (Monitoring) ပြုလုပ်နိုင်ရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း အဆိုကို တင်သွင်းခဲ့တာဖြစ်ပါတယ်။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက အဆိုနဲ့စပ်လျဉ်းပြီး လက်ခံဆွေးနွေးဖို့ဆုံးဖြတ်ခဲ့ကာ ဆွေးနွေးလိုတဲ့လွှတ်တော် ကိုယ်စားလှယ် တွေရှိရင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခဲ့တယ်လို့ သိရပါတယ်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ရရှိတဲ့ အချက်အလက်တွေအရ နိုင်ငံတစ်ဝန်း မိုဘိုင်းဖုန်း အသုံးပြုသူတွေမှာ အင်တာနက်အသုံးပြုသူ ရာနှုန်းပြည့်နီးပါးက လူမှုကွန်ရက်တွေဖြစ်တဲ့ Facebook, Instagram, Twitter တွေထဲမှာ Facebook ကိုအထူးအသုံးပြုကြကြောင်း၊ လူမှုကွန်ရက်ကနေတစ်ဆင့် တရားမ၀င်လောင်းကစားမှု၊ တရားမ၀င်ရောင်းဝယ်မှု၊ တစ်ဦးတစ်ယောက်ရဲ့ဂုဏ်သိက္ခာကျဆင်းစေဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖြန့်ချိမှု၊ ဘာသာရေး လူမျိုးရေးပဋိပက္ခဖြစ်စေတဲ့သတင်းအမှားတွေ လုပ်ကြံဖန်တီးမှု တွေကြောင့် ရာဇ၀တ်မှုခင်းတွေထဲမှာ သက်ငယ်မုဒိမ်းမှုတွေ၊ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုတွေနဲ့ လူမျိုးရေး ဘာသာရေးအရ စိတ်ဝမ်းကွဲပြားမှုတွေ မြင့်တက်နေတာကို စိုးရိမ်ဖွယ်ရာတွေ့ရှိရကြောင်း ဆွေးနွေးပြော ကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လူငယ်လူရွယ်တွေ စိတ်ဓါတ်ပျက်ပြားပြီး အကျင့်စာရိတ္တတွေ ပိုမိုပျက်စီးလာစေခြင်းဟာ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်လာစေကြောင်း၊ နိုင်ငံတော်အစိုးရက အိုင်တီနည်းပညာကို အသုံးပြုရာမှာ ရည်ရွယ်ချက်ဆိုးနဲ့သုံးစွဲမှုတွေကို စောင့်ကြည့်ထိန်းကျောင်းဖို့ လိုအပ်လာပြီလို့ယူဆမိကြောင်း၊ မီဒီယာ လွတ်လပ်ခွင့်နဲ့ ပြည်သူတို့ရဲ့သတင်းသိပိုင်ခွင့်တွေကို မထိခိုက်စေဘဲ စနစ်တကျရှိတဲ့ နည်းလမ်းတွေရှာဖွေပြီး သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ပြည်ထောင်စုအစိုးရက အိုင်တီနည်းပညာ အလွဲသုံးစွဲမှုတွေကို စောင့်ကြည့်ထိန်းကျောင်းမှု ပြုလုပ်ပေးပါဖို့ ဆွေးနွေးပြောကြား ခဲ့တာဖြစ်ပါတယ်။