ဩဇာအကြီးဆုံး နိုင်ငံကူးလက်မှတ်များ စာရင်းတွင် စင်ကာပူပတ်စ်ပို့တ် ပထမဆုံးအကြိမ် ဦးဆောင်
စင်ကာပူ ပတ်စ်ပို့တ်သည် ကမ္ဘာပေါ်တွင် ဩဇာအကြီးမားဆုံး နိုင်ငံကူးလက်မှတ်အဖြစ် ပထမဆုံးအကြိမ် ရပ်တည်လာကြောင်း သိရသည်။ နိုင်ငံတစ်ခု၏ ပတ်စ်ပို့တ် ဩဇာ သက်ရောက်နိုင်စွမ်းကို အခြားနိုင်ငံများသို့ သွားလာရာတွင် ဗီဇာကင်းလွတ်ခွင့်နှင့် တိုင်းတာလေ့ ရှိသည်။ ပါရာဂွေး အစိုးရက စင်ကာပူ ပတ်စ်ပို့တ် ကိုင်ဆောင်သူများကို ဗီဇာကင်းလွတ်ခွင့် ပေးလိုက်သည့်နောက် ဂျာမနီကို ကျော်တက်ကာ စင်ကာပူက ထိပ်ဆုံးနေရာ ရောက်လာခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂ နှစ်တာအတွင်း ဩဇာအကြီးဆုံး ပတ်စ်ပို့တ်များ စာရင်းကို ဂျာမနီက ဦးဆောင်ရပ်တည်ခဲ့ပြီး နောက်ပိုင်းတွင် စင်ကာပူက တန်းတူရည်တူ ဖြစ်လာသည်။ အောက်တိုဘာ ၂၅ ရက်တွင်မူ ဘဏ္ဍာရေး အကြံပေးဌာန Arton Capital၏ ထုတ်ပြန်သော စာရင်းအရ စင်ကာပူ ပတ်စ်ပို့တ်၏ ဩဇာသက်ရောက်မှုက ဂျာမနီကို ကျော်တက်သွားကြောင်း သိရှိရသည်။
ပါရာဂွေး အစိုးရက စင်ကာပူ ပတ်စ်ပို့တ် ကိုင်ဆောင်သူများကို ဗီဇာကင်းလွတ်ခွင့် ပေးလိုက်သည့်နောက် စင်ကာပူ ပတ်စ်ပို့တ်၏ ဗီဇာကင်းလွတ် ရပိုင်ခွင့် နိုင်ငံစုစုပေါင်း ၁၅၉ ခုထိ ရှိလာသည်။ ဂျာမနီ ပတ်စ်ပို့တ်၏ ဗီဇာကင်းလွတ်ပိုင်ခွင့် အရေအတွက်မှာ ၁၅၈ နိုင်ငံသာ ရှိသည်။
“ဒါဟာ စင်ကာပူရဲ့ သံတမန်ရေးရာ ဆက်ဆံရေး လက်တံရှည်မှုနဲ့ ထိရောက်တဲ့ နိုင်ငံခြားရေး မူဝါဒတွေကို ညွှန်ပြနေတာ ဖြစ်ပါတယ်”ဟု Arton Capital၏ စင်ကာပူရုံးခွဲ အကြီးအကဲ ဖိလစ်မေက မှတ်ချက်ပြုခဲ့သည်။ ကမ္ဘာပေါ်တွင် ဩဇာအကြီးဆုံး ပတ်စ်ပို့တ် ၁၀ ခု စာရင်းတွင် ဥရောပ နိုင်ငံများက အဓိက နေရာယူထားဆဲ ဖြစ်သည်။ ထိပ်ဆုံး ၂၀ စာရင်းတွင်မူ အခြားအာရှ နိုင်ငံများအဖြစ် တောင်ကိုရီးယား၊ ဂျပန်နှင့် မလေးရှား ပတ်စ်ပို့တ်များ အကျုံးဝင်နေသည်။
အမေရိကန်တွင်မူ သမ္မတ ဒေါ်နယ်လ်ထရမ့် အာဏာရလာပြီးနောက်ပိုင်း ပတ်စ်ပို့တ်၏ ဗီဇာကင်းလွတ်ခွင့် နိုင်ငံစာရင်းမှာ ၁၅၄ ခုထိ ပြန်လည် ကျဆင်းသွားပြီး မလေးရှား၊ အိုင်ယာလန်၊ ကနေဒါတို့နှင့် တန်းတူ ရပ်တည်လျက် ရှိသည်။ မကြာသေးမီက တူရကီနှင့် ဗဟိုအာဖရိက နိုင်ငံတို့သည် အမေရိကန် ပတ်စ်ပို့တ် ကိုင်ဆောင်သူများအတွက် ဗီဇာကင်းလွတ်ခွင့် သတ်မှတ်ချက်ကို ပြန်လည် ရုပ်သိမ်းကြောင်း အသီးသီး ကြေညာခဲ့ကြသည်။
Ref: CAN