ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ် ဥက္ကဋ္ဌများ၊ ကော်မတီဝင်များနှင့် တွေ့ဆုံ
အောက်တိုဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီချိန်တွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်မှုဆောင်များ လိုက်ပါသောအဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း/ခရိုင်/မြို့နယ်ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲသို့ ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းနာယက ဗဟိုအတိုင်ပင်ခံ ဦးသိန်းအောင်၊ တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်း၊ တိုင်းအတွင်းရေးမှူး ဦးဝင်းကိုကိုနှင့် တိုင်း/ခရိုင် ကော်မတီဝင်များမှ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ၎င်းနောက် တွေ့ဆုံပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးအား ဧရာဝတီတိုင်းဒေသကြီး၊ တိုင်း/ခရိုင်/မြို့နယ် ကိုယ်စားပြုဥက္ကဋ္ဌများ၊ ကော်မတီဝင်များမှ မိတ်ဆက်ခဲ့ကြပြီး တက်ရောက်လာသော ခရိုင်/မြို့နယ်များမှ ပါတီဥက္ကဌများက သက်ဆိုင်ရာ ဒေသအလိုက် ဆောင်ရွက်ထားမှု အခြေအနေများကို တင်ပြခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ဗဟိုအတိုင်ပင်ခံ ဦးသိန်းအောင်မှ အမှာစကားပြောကြားပြီး ဗဟိုအလုပ်မှုဆောင် ဦးဝဏ္ဏမောင်လွင်မှ ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးကိစ္စနှင့်ပတ်သတ်၍ ရှင်းလင်း ပြောကြားခဲ့ပြီးနောက် ဗဟိုစည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဦးစိုးနိုင်မှ အမှာစကားဆက်လက်ပြောကြားခဲ့သည်။
၎င်းနောက်တင်ပြလာသည့် အခြေအနေများအပေါ် ပါတီ ဥက္ကဌ ဦးသန်းဌေးမှရှင်းလင်း လမ်းညွှန်မှာကြားခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။