နေပြည်တော် စည်ပင်ဧည့်ရိပ်သာထဲက CB ဘဏ် ATM ကနေ ငွေခိုးထုတ်မှုဖြစ်

နေပြည်တော်စည်ပင်ဧည့်ရိပ်သာ(၂) ၀င်းထဲမှာရှိတဲ CB ဘဏ် ATM ငွေထုတ်စက်ကနေ ကျပ်သိန်း ၇၀ ကျော် ခိုးထုတ်မှုဖြစ်ပွားခဲ့တယ်လို့ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁)ရဲစခန်း စခန်းမှူး ဒုရဲမှူးမြင့်အောင်က ပြောပါတယ်။

စည်ပင်ဧည့်ရိပ်သာ (၂) ဧည့်ကြိုကောင်တာရုံးခန်းထဲက CB ဘဏ် ATM စက်မှာ အဆိုပါဘဏ်ရဲ့ ကြီးကြပ်ရေးမှူး ဆိုသူက ကျပ် ၇၅ သိန်း ခိုးယူခဲ့တာလို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၁၂ ရက် ညနေ ၄ နာရီက ဥတ္တရသီရိမြို့နယ် CB ဘဏ်ခွဲတာဝန်ခံက ကျပ်သိန်း ၃၀၀ ကို အဆိုပါစက်ထဲကို ဖြည့်သွင်းထားခဲ့ပြီး အဆိုပါ ငွေထုတ်စက်မှ ငွေမလျော့လို့ မသင်္ကာဖြစ်ပြီး စစ်ဆေးတာကနေ ငွေခိုးထုတ်ထားတာ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ဆေးတွေ့ရှိချက်တွေအရ အဆိုပါ ATM စက်ထဲကနေ Customer တွေ ငွေထုတ်ယူတဲ့ စာရင်းမှာ ကျပ် ၆,၂၈၀,၀၀၀ ဖြစ်ပြီး လက်ကျန်ငွေက ကျပ် ၁၆,၂၂၀,၀၀၀ ဖြစ်လို့ ကျပ် ၇,၅၀၀,၀၀၀ ကွာဟနေတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပွားခဲ့ပြီးနောက်ပိုင်း CCTV ကင်မရာမှာ ကြည့်ရှုစစ်ဆေးရာ အောက်တိုဘာ ၁၀ ရက် မနက် ၁၁ နာရီလောက်က အဆိုပါဘဏ် ကြီးကြပ်ရေးမှူး နေ၀င်းအောင် (၃၃) နှစ် (ရွာကောက်ရပ်ကွက်၊ ပျဉ်းမနားမြို့ နေသူ)က စက်ထဲရှိငွေများကို ထုတ်ယူသွားတာလို့ ဆိုပါတယ်။

 အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး ငွေခိုးထုတ်သွားသူ နေ၀င်းအောင်ကို အောက်တိုဘာ  ၁၃ ရက်မှာ အမှတ်(၁) မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၁ (အစေခံက ခိုးယူမှု)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

(7days)