ရန်စမှုများ ရှိလာလျှင် အမေရိကန် ထောက်ခံသည့် ဆီးရီးယား သူပုန်များကို တိုက်ခိုက်မည်ဟု ရုရှားသတိပေး
လှုံ့ဆော် ရန်စလာသည်ဟု ယူဆပါက အမေရိကန် ထောက်ပံ့ပေးနေသည့် ဆီးရီးယား သူပုန်တပ်များကိုပါ တိုက်ခိုက်မည်ဟု ရုရှားက သတိပေး ပြောကြားလိုက်သည်။
ဆီးရီးယား ပြည်တွင်းစစ်တွင် ရုရှားက သမ္မတ ဘာရှာ အယ်လ်အာဆတ်ဘက်မှ ရပ်တည်ပြီး အမေရိကန်ကမူ အစိုးရကို ဖြုတ်ချရန် ကြိုးစားနေသည့် သူပုန်အင်အားစုများကို ထောက်ပံ့ ကူညီလျက် ရှိသည်။ ထိုအင်အားစု နှစ်ခုစလုံးသည် အိုင်အက်စ် စစ်သွေးကြွများကို တိုက်ခိုက်သည့် အခါတွင်မူ မူအားဖြင့် အချင်းချင်း ရန်မပြုကြချေ။
သို့သော် အိုင်အက်စ်ပိုင် နယ်မြေများကို တိုက်ခိုက် သိမ်းယူမှုနှင့် ပတ်သက်ပြီး ယခုအခါ ဆီးရီးယား အစိုးရတပ်များနှင့် သူပုန်တပ်များကြား ထိပ်တိုက်တွေ့မည့် အလားအလာများ ပြန်လည် မြင့်တက်လာသည်။ ကုလသမဂ္ဂတွင် အမေရိကန်နှင့် ရုရှား ကိုယ်စားလှယ်များ ဆီးရီးယားကိစ္စ တွေ့ဆုံ ဆွေးနွေးရာ၌ ရုရှားဘက်က ယခုလို သတိပေးလာခြင်း ဖြစ်သည်။
ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ရာတွင် ဆီးရီးယား သူပုန်တပ်ဖွဲ့ တစ်ခုဖြစ်သည့် SDFသည် အမေရိကန် အထူးတပ်ဖွဲ့များ၏ အကူအညီဖြင့် ယူဖရေးတီးစ်မြစ် အရှေ့ဘက် ကမ်းခြေ ဒေသများကို သိမ်းယူခဲ့ကြောင်း၊ ထိုအတောအတွင်း ရုရှား အထူးတပ်ဖွဲ့များနှင့်အတူ ရှိနေသည့် ဆီးရီးယား စစ်တပ်ကို SDFတို့က မော်တာကျည်ဆန်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။
“SDFတွေ လှုပ်ရှားနေတဲ့ ဧရိယာမှာ ရုရှားနဲ့ ဆီးရီးယား တပ်တွေဘက် လှမ်းပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ဒါကို အမေရိကန် စစ်ဘက် တာဝန်ခံဆီ လှမ်းအကြောင်းကြားတော့ ပစ်ခတ်မှုတွေ ချက်ချင်း ရုပ်သိမ်းသွားတယ်။ အဓိက ပြောချင်တာက အခုလို ဖြစ်ရပ်တွေ ထပ်ကြုံလာမယ် ဆိုရင်တော့ တိုက်ရိုက် ရန်စမှုအဖြစ် သတ်မှတ်ပြီး တုံ့ပြန်ရပါလိမ့်မယ်”ဟု ဆီးရီးယားရှိ ရုရှား ဗိုလ်ချုပ် အီဂေါ် ကိုနန်ရှန်ကော့ဗ်က သတိပေး ပြောကြားခဲ့သည်။
ထိုအတောအတွင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက အမေရိကန် သူလျှိုများသည် ဆီးရီးယား အစိုးရ ထိန်းချုပ်ထားသည့် နိုင်ငံအနောက်တောင်ပိုင်း ဒေသများတွင် ဂျီဟတ် အစွန်းရောက် ဝါဒီများ ထိုးစစ်ဆင်နွှဲမှု အစပြုရန် လှုံ့ဆော် အားပေးခဲ့ကြောင်း စွပ်စွဲခဲ့သည်။
စစ်သွေးကြွများက ဆီးရီးယား လုံထိန်း ၂၉ ဦးကို ဝန်းရံပိတ်ဆို့ထားသည့်အတွက် ရုရှားက လေကြောင်း ပစ်ကူပေးမှု အပါအဝင် စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲကာ ၎င်းတို့ကို ကယ်ထုတ်ခဲ့ရကြောင်း အဆိုပါ စွပ်စွဲချက်တွင် ထည့်သွင်း ဖော်ပြထားသည်။
ထို့အတူ အမေရိကန် ထောက်ခံအားပေးသည့် SDF သူပုန်များကလည်း ရုရှားတိုက်လေယာဉ်များ၏ တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း တန်ပြန် စွပ်စွဲခဲ့ပြီး ရုရှားကမူ ယင်းကို ငြင်းဆန်ထားသည်။
Ref: Reuters