တရုတ်နှင့် ရုရှား နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်

ရုရှားဆိပ်ကမ်းမြို့ ဗလာဒီဗိုစတော့ခ်ကို တရုတ်ရေတပ်သင်္ဘောစု ရောက်လာအပြီး စက်တင်ဘာ ၁၈ ရက်နေ့ က စတင်လေ့ကျင့်နေတာပါ။ ရေတပ်စစ်ရေးလေ့ကျင့်မှုကို ဂျပန်ပင်လယ်နဲ့ အက်ခ်ဟော့စ်ခ်ပင်လယ်တွေမှာ လေ့ကျင့်ဖို့ စီစဉ်ထားပါတယ်။

တရုတ်နဲ့ ရုရှား ၂ နိုင်ငံရေတပ်တွေ ပူးတွဲပြီး ဒုတိယအဆင့် စစ်ရေးလေ့ကျင့်နေပါတယ်

ပထမအဆင့် စစ်ရေးလေ့ကျင့်မှုကို ဇူလိုင်လအတွင်း ဘောလ်တစ်ပင်လယ်ထဲမှာ လေ့ကျင့်ခဲ့ပါတယ်။ ၂ နိုင်ငံလုံးက ရေတပ်တွေဟာ ပထမဆုံးအနေနဲ့ ပူးတွဲ ရေငုပ်သင်္ဘောကယ်ဆယ်ရေးနဲ့ ရေငုပ်သင်္ဘော တိုက်ဖျက်ရေးကို လေ့ကျင့်ခဲ့တယ်လို့ ရုရှားရေတပ် ဒုတိယကာကွယ်ရေးဦးစီးချုပ် အလက်ဇန်းဒါး ဖေဒိုတန် ကို့ဗ်က ပြောပါတယ်။

ကူရေးလ်ကျွန်းတွေနဲ့ အာရှကုန်းမကြီးကြားက အက်ခ်ဟော့စ်ခ်ပင်လယ်ဟာ မီယာကို ရေလက်ကြားကတဆင့် ဂျပန်ပင်လယ်နဲ့ ဆက်နေတယ်၊ စိုယာရေလက်ကြားကနေလည်း ပစိဖိတ်သမုဒ္ဒရာနဲ့ ဆက်နေတယ်၊ ဒီလေ့ကျင့်မှုဟာ တရုတ်ရေတပ်ရဲ့ ပင်လယ်ကာကွယ်မှုဆိုင်ရာ တိုက်ခိုက်ရေးနဲ့ ကမ်းလွန်စစ်ဆင်ရေးအတွက် စွမ်းရည်တွေ တိုးတက်အောင် အကြီးအကျယ် ကူညီတယ်လို့ တရုတ်ရေတပ်ပညာရှင် ကျန်းကျွင့်စီးက ပြောပါတယ်။ ကူရေးလ်ကျွန်းတွေဟာ ဂျပန်နဲ့ ရုရှား ပိုင်နက်အငြင်းပွားနေတဲ့ ကျွန်းတွေပါ။

တရုတ်ရေတပ်အုပ်စုထဲမှာ ဒုံးကျည်ဖျက်သင်္ဘော ရှိကျားကျွမ်း၊ ဒုံးကျည်သုံး တိုက်သင်္ဘော တာ့ချင်၊ ထောက်ပံ့ရေးသင်္ဘော တုံးပင်ဟူနဲ့ ရေငုပ်ကယ်ဆယ်ရေးသင်္ဘော ချန်းတောင်၊ ရေနက် ရေငုပ်ကယ်ဆယ်ရေး သင်္ဘောတစီး၊ သင်္ဘောပေါ် အတက်အဆင်းလုပ်နိုင်တဲ့ ရဟတ်ယာဉ် ၂ စီးနဲ့ ရေတပ်သားတွေ ပါဝင်ပါတယ်။

(DVB)