မလေးရှား ကျောင်းမီးလောင်မှုနှင့် ပတ်သက်၍ သံသယရှိသူ ဆယ်ကျော်သက် ၇ ဦးကို ဖမ်းဆီးထား
မလေးရှား နိုင်ငံတွင် ဘာသာရေး စာသင်ကျောင်းတစ်ခု မီးလောင်မှုနှင့် ပတ်သက်ပြီး ကလေးနှင့် ဆယ်ကျော်သက် ၇ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။ ပြီးခဲ့သည့် သီတင်းပတ်၊ စက်တင်ဘာ ၁၄ ရက်က ကွာလာလမ်ပူရှိ ကိုရန်ကျမ်းစာသင် ကျောင်းတစ်ခုတွင် မီးလောင်မှု ဖြစ်ပွားရာ ကျောင်းသား ကလေးငယ် ၂၁ ဦးနှင့် ကျောင်းဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ကြသည်။ အဆိုပါကျောင်းသည် ယောက်ျားလေး သီးသန့် လက်ခံသင်ကြားပေးပြီး ကျောင်းသားများကို ကျောင်းအိပ် ကျောင်းစား လက်ခံထားသဖြင့် မနက် အစောပိုင်း မီးလောင်မှုတွင် အသေအပျောက် များခဲ့ခြင်း ဖြစ်သည်။
မလေးရှား ရဲတပ်ဖွဲ့က လတ်တလော ထိန်းသိမ်းထားသည့် သံသယရှိသူ အားလုံးမှာ အသက် ၁၁ နှစ်မှ ၁၈ နှစ်ကြား ရှိကြပြီး ထိုကျောင်းမှ နုတ်ထွက်ခဲ့သူများ၊ အထုတ်ခံရသူများ ဖြစ်ကြောင်း အစိုးရပိုင် Bernama သတင်းဌာနက ဖော်ပြခဲ့သည်။ ရဲတပ်ဖွဲ့ အကြီးအကဲ ဒါတက်ခ် အေမာ ဆင်း အီရှာ ဆင်းက တော်ဝင် မလေးရှား ရဲတပ်ဖွဲ့အနေဖြင့် သံသယရှိသူ လူငယ်များကို ဖမ်းဆီးစစ်ဆေးနေကြောင်း အတည်ပြုခဲ့သော်လည်း မီးလောင်မှု အကြောင်းရင်းကို ဆက်လက် စုံစမ်းနေဆဲဟု ဆိုသည်။ လက်ရှိ ဖမ်းဆီးထားသည့် လူငယ်များက ကျောင်းကို မီးရှို့ခဲ့သည် ဆိုသော သဘောမျိုး ရဲတပ်ဖွဲ့က တိုက်ရိုက်စွပ်စွဲခြင်း မရှိသလို အဆိုပါ လူငယ်များကို အဘယ်ကြောင့် မသင်္ကာသူစာရင်း သွင်းခဲ့ကြောင်းလည်း ရှင်းရှင်းလင်းလင်း မသိရသေးချေ။
မျက်မြင်များက မီးလောင်နေသော ကျောင်းဆောင်ထဲတွင် ကလေးများက ကြောက်လန့်တကြား အော်ဟစ် ငိုယို အကူအညီ တောင်းနေသော်လည်း အသေတပ်ဆင်ထားသည့် ပြတင်းတံခါး သံပန်းများကြောင့် အပြင် မထွက်နိုင်ဘဲ မီးလောင်ခံရပြီး သေကြေခဲ့ကြကြောင်း ပြောကြားခဲ့သည်။ “ကလေးတွေက သံပန်းတွေကို ကန်နေကြတာတွေ့တယ်။ ဒါပေမဲ့ သူတို့ထွက်လို့မရဘူး။ ကျွန်တော်တို့ သူငယ်ချင်းတွေ အမြန်သွားကြပေမယ့် ကလေးတွေဆီ မရောက်ခင် မီးကူးသွားတယ်”ဟု မျက်မြင် တစ်ဦးဖြစ်သော ရှာဟာမန် ရှာရီလ်က ပြောကြား ခဲ့သည်။
မီးငြှိမ်းပြီးချိန်တွင် အဆောက်အအုံ တစ်ခုလုံး၏ ၉၀ ရာခိုင်နှုန်းမျှ ပြာကျနေပြီဖြစ်ကြောင်း မီးသတ်ဌာနက ဝန်ခံ ပြောကြားခဲ့သည်။ သုံးထပ် အဆောက်အအုံ၏ ဒုတိယထပ်တွင် ပြင်ဆင်မွမ်းမံမှုများ လုပ်ဆောင်နေသဖြင့် လည်း ကလေးများ ထွက်ပြေးရန် အခက်အခဲများစွာ ရှိခဲ့ဟန်တူကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ လတ်တလော တွင် မီးလောင်မှု အကြောင်းရင်းများ၌ ဝါယာရှော့ဖြစ်ခြင်းကို ထည့်သွင်း စဉ်းစားနေသော်လည်း အတည်မပြု နိုင်သေးဟု သိရသည်။ သေဆုံးခဲ့သည့် ကလေးငယ်များမှာ အသက် ၁၃ နှစ်မှ ၁၇ နှစ်ကြား အရွယ်များ ဖြစ်ကြသည်။
မလေးရှားတွင် ကျောင်းအိပ်ကျောင်းစား ပုဂ္ဂလိက စာသင်ကျောင်းများ၏ မီးဘေးလုံခြုံရေး စံနှုန်းများအပေါ် မေးခွန်းထုတ်စရာများလည်း ရှိနေသည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း မလေးရှားတွင် ဘာသာရေး ကျောင်းများ မီးလောင်မှု ၂၉ ကြိမ်မျှ ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
Ref: CNN