စင်ကာပူတွင် သင်္ဘောနှစ်စီး တိုက်မိပြီး လူ ၅ ဦး ပျောက်ဆုံးနေ

စင်ကာပူ ရေပိုင်နက်အတွင်း သင်္ဘောနှစ်စီး တိုက်မိမှု ဖြစ်ပွားပြီး လူ ၅ ဦး ပျောက်ဆုံးလျက် ရှိနေကြောင်း သိရသည်။

စင်ကာပူ တောင်ပိုင်း စစ္စတာစ်ကျွန်း တောင်ဘက် ရေမိုင် ၁.၇ မိုင်မျှ အကွာတွင် အင်ဒိုနီးရှားတွင် မှတ်ပုံတင်ထားသည့် ဆီတင်သင်္ဘော တစ်စီးနှင့် ဒိုမီနီကန်မှ သောင်တူးသင်္ဘောတစ်စီး တိုက်မိခဲ့ခြင်း ဖြစ်သည်။

သော်တူးသင်္ဘောမှာ တိမ်းမှောက် နစ်မြုပ်သွားပြီး လတ်တလောတွင် ရေထဲ၌ တစ်ဝက်မျှသာ ပေါ်နေသည်။ အဆိုပါ သင်္ဘောပေါ်တွင် တရုတ်နိုင်ငံသား ၁၁ ဦးနှင့် မလေးရှား ၁ ဦးတို့ လိုက်ပါလာပြီး ယင်းတို့အနက် တရုတ်နိုင်ငံသား ၇ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကယ်ဆယ်ရရှိသော သင်္ဘောသားများကို စင်ကာပူ ဆေးရုံသို့ ပို့ဆောင်ကာ ဆေးဝါးကုသပေးနေပြီး ပျောက်ဆုံးနေသူ ၅ ဦးကိုမူ လက်ရှိအချိန်ထိ ရှာမတွေ့သေးချေ။

စက်တင်ဘာ ၁၃ ရက် ဖြစ်စဉ်တွင် ဆီတင်သင်္ဘောမှာလည်း ထိခိုက်မှုအချို့ ရှိခဲ့သည့်တိုင် လိုက်ပါလာသူ အင်ဒိုနီးရှား သင်္ဘောသား ၂၆ ဦးစလုံး အန္တရာယ် ကင်းရှင်းခဲ့သည်။ သင်္ဘောနှစ်စီး တိုက်မိမှု ဖြစ်ပွားသော်လည်း စင်ကာပူ ရေလက်ကြားတွင် ရေယာဉ်သွားလာမှု လမ်းကြောင်းများကို ထိခိုက် ရပ်ဆိုင်းစေခြင်း မရှိဟု သိရသည်။

လတ်တလောတွင် ပျောက်ဆုံးနေသည့် သင်္ဘောသားများ ကယ်ဆယ်ရှာဖွေရေး ကဏ္ဍကို စင်ကာပူ ဆိပ်ကမ်းအာဏာပိုင် အဖွဲ့က ဦးစီး ဆောင်ရွက်လျက် ရှိသည်။ အခင်းဖြစ်ရာ ရေပြင်တွင် ကင်းလှည့် ရေယာဉ်များနှင့် ရဟတ်ယာဉ် တစ်စီးကို ဖြန့်ကျက်ထားပြီး ဖြတ်သန်းခုတ်မောင်းသည့် သင်္ဘောများ အနေဖြင့်လည်း ရေပြင်တွင် သင်္ဘောသားများကို နိုးနိုးကြားကြား ကူညီ ရှာဖွေပေးရန် ဆော်ဩ တိုက်တွန်း ထားကြောင်း သိရသည်။

Ref: Straits Times