ဧရာမ လေယာဉ်တင် သင်္ဘောသစ်ကြီးတစ်စီး တည်ဆောက်ရန် ရုရှားစဉ်းစားနေ

 

ရုရှားရေတပ်သည် ဧရာမ လေယာဉ်တင် သင်္ဘောကြီးတစ်စီး တည်ဆောက်ရေးကို အလေးအနက် စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်လာသည်။

လတ်တလောတွင် တိတိကျကျ တရားဝင် ဆုံးဖြတ် အတည်ပြုမှု မရှိသေးသော်လည်း ရုရှား အနေဖြင့် ရေတပ်အင်အားကို အံ့မခန်း မြှင့်တင်ရန် အစီအစဉ် တစ်ရပ်အနေဖြင့် ၂၀၂၀ ဝန်းကျင်တွင် လေယာဉ်တင်သင်္ဘောသစ် စီမံကိန်းကို အစပြုနိုင်ရန် မျှော်မှန်းနေကြောင်း သိရသည်။

အဆိုပါ လေယာဉ်တင် သင်္ဘောသည် တန်ချိန် ၁၁၅၀၀၀ မျှထိ လေးလံသော ဧရာမ ရေပေါ်ခံတပ်ကြီး ဖြစ်ဖွယ် ရှိနေသည်။ ရုရှားတွင် လတ်တလော၌ သက်တမ်း ကြာညောင်းခဲ့ပြီးဖြစ်သည့် Admiral Kuznetsov လေယာဉ်တင် သင်္ဘောတစ်စီးသာ ပိုင်ဆိုင်ထားသည်။ အမေရိကန်တွင် လေယာဉ်တင်သင်္ဘော ၁၁ စီးထိ လက်ဝယ် ရှိနေပြီ ဖြစ်သည်။

Admiral Kuznetsovသည် တန်ချိန် ၅၅၀၀၀ မျှ လေးလံသည်။ အမေရိကန်က ယခုနှစ်အတွင်း စတင်ရေချခဲ့သည့် USS Gerald R. Ford လေယာဉ်တင်သင်္ဘော၏ အလေးချိန်မှာ တန်ချိန် ၁၀၀၀၀၀ မျှရှိသည်။

ထို့အပြင် ရုရှား၏ ဥရောပပြိုင်ဘက် ဗြိတိန်ကလည်း ခေတ်မီ လေယာဉ်တင် သင်္ဘောသစ်ကြီး နှစ်စီးကို တည်ဆောက်နေပြီ ဖြစ်သည်။

ရုရှား ဒုတိယ ဝန်ကြီးချုပ် ဒီမီထရီ ရိုဂိုဇင်က လေယာဉ်တင်သင်္ဘောသစ် တည်ဆောက်ရန် အခြေခံ စိတ်ကူးတစ်ခု ရှိနေကြောင်း Rossiya-24နှင့် အင်တာဗျူးတွင် အရိပ်အမြွက် ပြောကြားခဲ့သည်။ “အရှေ့ဖျားဒေသမှာ သင်္ဘောကျင်း အသစ်တွေ တည်ဆောက်တဲ့အခါ စာချုပ်ပါ သတ်မှတ်ချက်တွေအရ ကျွန်တော်တို့ အနေနဲ့ တန်ချိန် ၁၁၀၀၀၀ ကနေ ၁၁၅၀၀၀ ထိ ကြီးမားတဲ့ လေယာဉ်တင် သင်္ဘောကြီးတွေပါ ဆောက်လုပ်နိုင်စွမ်း ရှိလာမှာပါ”ဟု ၎င်းက ဆိုသည်။

ထို့အပြင် သင်္ဘောကျင်း အသစ်များတွင် ၂၀၂၀ ပြည့်နှစ်၌ စတင်၍ လုပ်ငန်း လည်ပတ်လာနိုင်မည်ဟုလည်း ရိုဂိုဇင်က အတည်ပြုခဲ့သည်။

ရုရှား၏ လက်ရှိ တစ်စီးတည်းသော လေယာဉ်တင် သင်္ဘောကြီး Admiral Kuznetsovသည် ဆိုဗီယက်ခေတ် လက်ကျန်ဖြစ်ပြီး SU-33 တိုက်လေယာဉ်များ၊ MiG-29 တိုက်လေယာဉ်များ၊ SU-25 အမောင်းသင် လေယာဉ်များ၊ Kamov မျိုးကွဲ ရဟတ်ယာဉ်များ အပါအဝင် လေယာဉ် ၄၁ စီးထိ တင်ဆောင်နိုင်စွမ်းရှိကြောင်း သိရသည်။

Ref: Scout