Facebook က လူမှုရေးနှင့်ကာကွယ်ရေးဆိုင်ရာများကို မြန်မာနိုင်ငံအတွက် သီးသန့်ပြင်ဆင်ထားဟုဆို
Facebook အနေနဲ့ လူမှုရေးနဲ့ ကာကွယ်ရေးဆိုင်ရာတွေကို မြန်မာနိုင်ငံအတွက် သီးသန့်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် စံနှုန်းအကြောင်းကို သိရှိနိုင်စေဖို့ Facebook က အသိပေးချက် တစ်ရပ်ကို မြန်မာမီဒီယာတစ်ချို့ထံ ပေးပို့ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ Facebook အသုံးပြုသူ များပြားလာတာနဲ့အမျှ အွန်လိုင်းပေါ်မှာ ပြောဆိုပြုမူနေတာတွေဟာ တစ်ပါးသူတွေကို ဘယ်လိုသက်ရောက်မှု ရှိနိုင်သလဲဆိုတာကို သတိပြုသင့်တယ်လို့ ဆိုထားပါတယ်။ လုံခြုံရေး နဲ့ ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို မြန်မာနိုင်ငံအတွက် သီးသန့်ပြင်ဆင်ထားတာကြောင့် လူမှုကွန်ရက် စံနှုန်းတွေပါတဲ့ Safety Page for Myanmar စာမျက်နှာကို ဝင်ရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။
Facebook platform ပေါ်မှာ ဘယ်လို အကြောင်းအရာတွေက ဝေမျှခွင့်ရှိ၊ ဘယ်လိုအကြောင်း အရာတွေက ဝေမျှခွင့်မရှိ ဆိုတာကို မြန်မာနိုင်ငံမှ ပြည်သူများ နားလည်သိမြင်နိုင်စေမယ့် Facebook သုံးစွဲရာတွင် လိုက်နာရမယ့် လူမှုကွန်ရက်စံနှုန်းတွေကို သီးခြားရေးဆွဲထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ Community Standards လူမှုကွန်ရက်စံနှုန်းတွေကို ကမ္ဘာတစ်ဝှမ်းမှ ပညာရှင်များ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေများနဲ့ပူးပေါင်းပြီး ရေးဆွဲတာလို့ ဆိုပါတယ်။
ရေးဆွဲချက်တွေထဲမှာ (၁) အသုံးပြုသူများအား ဘေးကင်းလုံခြုံစေခြင်း၊ (၂) စာနာလေးစားသည့် အပြုအမူများ အား ထောက်ခံအားပေးခြင်း၊ (၃) အသုံးပြုသူများ၏ ကိုယ်ပိုင်အကောင့်နှင့် ကိုယ်ရေးအချက်အလက်များအား လုံခြုံစေခြင်း၊ (၄) အသုံးပြုသူများ၏ မူပိုင်ခွင့်များအား ကာကွယ်ခြင်းစတဲ့ အဓိကအကြောင်းအရာလေးခုကို ချမှတ်ရေးဆွဲခဲ့တယ်လို့ ဆိုပါတယ်။ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ Facebook ရုံးလုံခြုံရေး ဌာနမှဌာနမှူး Ms. Mia Garlick က Facebook အသုံးပြုရာမှာ အပြုသဘောဆောင်ပြီး အဓိပ္ပါယ်ရှိရှိ သုံးစွဲနိုင်ဖို့အတွက် Facebook ရဲ့ လူမှုကွန်ရက်စံနှုန်းများနဲ့ ရရှိနိုင်မယ့် သတင်းအရင်းအမြစ်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
-ထွန်းထွန်း