Touchscreen အပြည့်ပါဝင်တဲ့ BlackBerry ဖုန်းကို အောက်တိုဘာလတွင် တွေ့မြင်ရဖွယ်ရှိ

BlackBerry ဖုန်းတွေထုတ်လုပ်နေတဲ့ တရုတ်ကုမ္ပဏီ TCL ဟာ အောက်တိုဘာလမှာ keyboard မပါဝင်ဘဲ touchscreen ပဲ အသုံးပြုထားတဲ့ BlackBerry စမတ်ဖုန်းသစ်ကို မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

“နှစ်လအတွင်းမှာ touchscreen အပြည့်ပါဝင်တဲ့ ထုတ်ကုန်ကို မိတ်ဆက်သွားမယ်” လို့ TCL ကမ္ဘာလုံးဆိုင်ရာ ရောင်းချမှုအကြီးအကဲ ဖရန်ဆွာမက်ဟိုင်းယူက IFA ကွန်ဖရင့်မှာ ပြောခဲ့ပါတယ်။ ဒါ့အပြင် TCL အနေနဲ့ ၂၀၁၇ ခုနှစ်မှာ BlackBerry ထုတ်ကုန်သုံးမျိုး မိတ်ဆက်ဖို့ရှိတယ်လို့ ဖေဖော်ဝါရီလက ပြောခဲ့ဖူးပါတယ်။ ဒီနှစ်အတွက် ပထမဆုံးထုတ်ကုန်ကို အောက်တိုဘာလမှာ မိတ်ဆက်မယ်လို့ TCL က ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆို ခဲ့တာ ဖြစ်ပါတယ်။

တရုတ်ကုမ္ပဏီ TCL ဟာ တီဗီနဲ့ Alcatel ဖုန်းတွေလည်း ထုတ်လုပ်နေပါတယ်။ TCL ဟာ ဖေဖော်ဝါရီလ အတွင်း Mobile World Congress မှာ KeyOne ကို ထုတ်ဖော်မိတ်ဆက်ပြီးနောက်ပိုင်း BlackBerry ဖုန်းအမှတ်တံဆိပ်ကို ပြန်လည်ဆန်းသစ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ BlackBerry ဖုန်းသစ်ဟာ TCL ထုတ်တဲ့ BlackBerry DTEK 50 နဲ့ DTEK 60 စမတ်ဖုန်းတွေလိုပဲ တီထွင်ဆန်းသစ်မှုရှိလာနိုင်ကာ ဖုန်းသစ်မှာ touchscreen တွေပဲ အသုံးပြုသွားမယ်လို့ သိရပါတယ်။

စိုးထက်
Ref: CNET