နောက်ထပ်ပိတ်ဆို့မှုများ ပြုလုပ်ပါက နျူကလီးယား သဘောတူစာချုပ်မှ နုတ်ထွက်မည်ဟု အီရန် ခြိမ်းခြောက်

အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်အပေါ် နောက်ထပ်အရေးယူ ပိတ်ဆို့မှုများ ချမှတ်လာပါက ထိုသို့ချမှတ်ပြီး နာရီပိုင်းအတွင်းမှာပင် အီရန်သည် စက်မှုထိပ်သီးအင်အားကြီး နိုင်ငံများနှင့် စာချုပ်ချုပ်ဆိုထားသည့် နျူကလီးယားသဘောတူစာချုပ်မှ နုတ်ထွက်မည်ဟု အီရန်သမ္မတ ဟာဆန်ရိုဟာနီက အဂ¯နေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။

ပိတ်ဆို့အရေးယူမှုပြုလုပ်သည့် နည်းလမ်းကို ပြန်လည်အသုံးပြုလာပါက အီရန်သည်တစ်ပတ် သို့မဟုတ် တစ်လကြာအောင် စောင့်ဆိုင်းနေလိမ့်မည်မဟုတ်ဘဲ စေ့စပ်ညှိနှိုင်းမှုများ မပြုလုပ်မီမှာပင် စာချုပ်မှ နုတ်ထွက်မည်ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ထုတ်လွှင့်သည့် လွှတ်တော်အစီအစဉ်တစ်ရပ်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

အီရန်နိုင်ငံအပေါ်တွင် ချမှတ်ထားသည့် ပိတ်ဆို့မှုကို ဖယ်ရှားပေး ခဲ့သည့်အတွက် အီရန်သည်နိုင်ငံ၏ နျူကလီးယား အစီအစဉ်ဆောင်ရွက်မှုကို ထိန်းချုပ်ရန် ၂ဝ၁၅ ခုနှစ်တွင် အမေရိကန်၊ ရုရှား၊ တရုတ်နိုင်ငံ၊ ဥရောပ သုံးနိုင်ငံတို့နှင့် သဘောတူညီခဲ့သည်။

အီရန်နိုင်ငံက ဂြိုဟ်တုတစ်စင်းကို က္ဘာပတ်လမ်းကြောင်းပေါ်သို့ ပို့ဆောင်နိုင်သည့် ဒုံးကျည်တစ်စင်းကို လွှတ်တင်ခဲ့ပြီးနောက်တွင် ပြီးခဲ့သည့် ဇူလိုင်လ နှောင်းပိုင်းက အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဒုံးကျည် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်တွင် ပါဝင်ပတ်သက်ခဲ့သည့် အီရန်ကုမ္ပဏီ ခြောက်ခုကို ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

ယခုလအစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်၊ ရုရှားနှင့် မြောက်ကိုရီးယား နိုင်ငံများအပေါ် ပိတ်ဆို့မှုများပြုလုပ်မည့် ဥပဒေကြမ်းကို အမေရိကန်ကွန်ဂရက် လွှတ်တော်မှတစ်ဆင့် လက်မှတ် ရေးထိုးခဲ့သည်။ အဆိုပါဥပဒေအတွင်းပါဝင်သည့် ပိတ်ဆို့မှုများသည် အီရန်၏ ဒုံးကျည် အစီအစဉ်သာမက လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက်ပါ ရည်ရွယ် ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(ရိုက်တာ)