အမေရိကန် သံအရာရှိများကို နယ်နှင်ခဲ့သည့်အတွက် ပူတင်ကို ကျေးဇူးတင်မိဟု ထရမ့်ဆို

အမေရိကန် သံအရာရှိများကို နယ်နှင်ခဲ့သည့် ရုရှားအစိုးရကို ကျေးဇူးတင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်သည်။

အမေရိကန်က ရုရှားအစိုးရအပေါ် အရေးယူပိတ်ဆို့မှုအသစ်များ ပြဋ္ဌာန်းသတ်မှတ်လိုက်သည့်နောက် လက်တုံ့ပြန်သည့်အနေဖြင့် ရုရှားသမ္မတ ဗလာဒီမာပူတင်က အမေရိကန်သံအရာရှိ ၇၅၅ ဦးကို နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် အမိန့်ပေးခဲ့သည်။

နယူးဂျာစီတွင် သတင်းထောက်များနှင့် တွေ့ဆုံသည့် အစီအစဉ်တစ်ရပ်၌ ထရမ့်က အမေရိကန်အစိုးရ၏ အသုံးစရိတ် လျော့ပါးအောင် တစ်ဖက်တစ်လမ်းမှ ကူညီပေးခဲ့သည့်အတွက် ပူတင်ကို ကျေးဇူးတင်မိကြောင်း အရွှန်းဖောက် မှတ်ချက်ပေးသွားခဲ့သည်။

ဇူလိုင်လကုန်ပိုင်းတွင် ပူတင်က ရုရှားရောက် အမေရိကန် သံအရာရှိများအနက် ၇၅၅ ဦးကို နယ်နှင်မည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ သို့သော် ယင်းတို့အနက် အများအပြားသည် ဒေသခံများကို ငှားရမ်းထားခြင်း ဖြစ်ဖွယ်ရှိပြီး အမေရိကန်သို့ အမှန်တကယ် ပြန်လာသူ အရေအတွက်မှာ ၇၅၅ ဦးထက် သိသိသာသာ လျော့နည်းနေမည်ဟု ယုံကြည်ရသည်။

အမေရိကန်သည် ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများ မြှင့်တင်ခဲ့သည့်အတွက် ရေရှည်တွင် အကြီးအကျယ် နောင်တ ရလိမ့်မည်ဟုလည်း ပူတင်က သတိပေးခဲ့သည်။ သို့သော် ထရမ့်ကမူ အစိုးရအတွက် လုပ်ခလစာ ပေးချေရမှု လျော့သွားသောကြောင့် ပို၍ပင် အဆင်ပြေကြောင်း ဆိုသည်။

“ကျုပ်က သူ့ကို (ပူတင်ကို) ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ အမှန်ဆိုရင် သံရေးတမန်ရေး အသုံးစရိတ်ကို လျှော့ချဖို့ ကျုပ်တို့က ကြိုးစားနေတာ။ အခုတော့ သူ့ကြောင့် ကျုပ်စိုးရိမ်နေရတဲ့ ကိစ္စတစ်ခု ခပ်မြန်မြန် ပြေလည် သွားပြီ။ သူက ရုရှားက အမေရိကန် သံအမှုထမ်း တော်တော်များများကို ပြန်ခွင့်ပေးလိုက်တာ မဟုတ်လား”ဟု ထရမ့်က ပြောကြားခဲ့သည်။

အမေရိကန်သည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ရုရှားဟက်ကာများက ဝင်ရောက်ခြယ်လှယ်နှောင့်ယှက်ခဲ့သည် ဆိုသော ကိစ္စနှင့် ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားက အင်အားသုံး သိမ်းပိုက်ခဲ့သည့် ကိစ္စများနှင့် ဆက်စပ်ပြီး အရေးယူပိတ်ဆို့မှုအသစ်များ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

Ref: Reuters